ရန်ကုန်၏ပထမဆုံး EV အားသွင်းဆိုင် ၂ဆိုင်ဖွင့်၊တယူနစ် ၄၀၀ကျပ်ဖြင့်​ရောင်းမည်

0
2029

ရန်ကုန်တွင် ပထမဦးဆုံး လျှပ်စစ်ကားအားသွင်းဆိုင်အဖြစ် ရန်ကုန်ဘူတာကြီးရှေ့နှင့် သီရိမင်္ဂလာဈေးသစ်ရှိ Charging station ကိုယနေ့တွင် တဆက်တည်းဖွင့်လှစ်ခဲ့သည်။

ထိုပွဲတွင် Charging Station ရှိ လျှပ်စစ်ကားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းကိုယ်တိုင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်။

“ နေပြည်တော်မှာ မတ်လ ၄ ရက်နေ့က ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပြီးတော့ EV တက္ကစီများနေပြည်တော်မှာစတင်ပြေးဆွဲနေပါပြီ။ ဒီနေ့မှာ ရန်ကုန်ဘူတာကြီးရှေ့မှာရှိတဲ့ Charging Station နဲ့ သီရိမင်္ဂလာဈေးသစ်မှာဆောက်နေတဲ့ Charging Station ကိုတရက်ထဲဖွင့်လှစ်သွားမှာပါ။ EV ယာဉ်များအတွက် Charging Station များ ဖွင့်လှစ်ခြင်းဟာ ဒါက ဒုတိယအကြိမ်ဖြစ်ပြီး ရန်ကုန်မြို့မှာတော့ ပမထဦးဆုံးအကြိမ် စတင်ဖွင့်လှစ်ခြင်းဖြစ်ပါတယ် ။ နောက် ၂၀ ရက်နေ့နဲ့ ၂၅ ရက်နေ့တို့မှာလည်း ကျန်သုံးနေရာမှာ ဖွင့်သွားဖို့ရှိပါတယ်။ အခုလိုစက်သုံးဆီရှားပါးလာမှု နဲ့ ဈေးနှုန်းများမြင့်မားလာတဲ့အချိန်မှာ လျှပ်စစ်သုံးကားများကို အသုံးပြုခွင့်ရတဲ့အချိန်ဟာ ပြည်သူတွေအတွက် သွားလာစရိတ်များ၊စက်သုံးဆီကားဈေးများထက် ပိုမိုသက်သာစေမှာ ဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေကပြောသည်။

ရန်ကုန်ဘူတာကြီးတွင် တည်ဆောက်နေသည့် လျှပ်စစ်ကားများအတွက် Charging Station ကို Essential Motor ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ Charging Station တွင် လျှပ်စစ်ကားများ အားသွင်းမည်ဆိုပါက တစ်ယူနစ်ကို ၄၀၀ ကျပ် ကျသင့်မည်ဖြစ်ကာ လျှပ်စစ်ကားတစ်စီးအတွက် အားအပြည့်သွင်းမည်ဆိုပါက ၃၂,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း Essential Motor ကုမ္ပဏီ CEO က ပြောသည်။

ကနဦးအနေဖြင့် အဆိုပါ Charging Station တွင် တက္ကစီပြေးဆွဲမည့် လျှပ်စစ်ကား ၇ စီးနှင့် အိမ်စီးကားအမျိုးအစားဖြစ်သည့် BYD ATTO 3 ၊ BYD DOLPHIN ၊ BYD HAN ကားသုံးစီးကို အားသွင်းလျက်ရှိပြီး စမ်းသပ်မောင်းနှင်ရန်အတွက် လျှပ်စစ်ကား ၂ စီးစီစဉ်ပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် လျှပ်စစ်ကားများအတွက် Charging Station များအနက် ကျန်ရှိသည့် သုံးနေရာဖြစ်သည့် အလုံသခင်မြပန်းခြံ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းတို့တွင် တည်ဆောက်လျက်ရှိသည့် လျှပ်စစ်ကားအားသွင်းရုံ များကို လာမည့် မတ်လ ၂၀ ရက်နှင့် ၂၅ ရက်တွင် ရန်ကုန်မြို၌ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here