မိန်းမလှကျွန်း ဘေးမဲ့တောတွင် ဧရာဝတီလင်းပိုင် စာရင်းကောက်ယူမှု ယခုလအတွင်းလုပ်မည်

0
175

ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့နယ်အတွင်းရှိ မိန်းမလှကျွန်းဘေးမဲ့တောအနီး ကျက်စားနေသည့် ဧရာဝတီလင်းပိုင်များကို စာရင်းကောက်ယူမည့် လုပ်ငန်းအား ယခု မတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိန်းမလှကျွန်း ဘေးမဲ့တော တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စာရင်းကောက်ယူမှု လုပ်ငန်းကို ပြီးခဲ့သည့် ၂၀၂ ၂ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခု မတ်လအတွင်း၌ (၇) ရက်ကြာ စာရင်းကောက်ယူသွားမည်ဟု အဆိုပါ တာဝန်ရှိသူက နိုင်ငံပိုင်သတင်း ဌာနမှတဆင့် ပြောကြားထားသည်။

” မိန်းမလှကျွန်းမှာက ဧရာဝတီလင်းပိုင်တွေလည်း ကျက်စားတာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ မနှစ်ကစပြီးတော့ စာရင်းကောက်ပါတယ်” ဟု ၎င်းက ဆိုသည်။

မိန်းမလှကျွန်းသည် ရေချို/ရေငန်စပ် မိကျောင်းများအပြင် တွားသွားသတ္တဝါများ ၊ နို့တိုက်သတ္တဝါများ ၊ ဆောင်းခိုငှက်များ ကျက်စားလေ့ရှိသည့် ဇီဝမျိုးစံမျိုးကွဲများပေါကြွယ်ဝသည့် ဘေးမဲ့တောတစ်ခုဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ဧရာဝတီလင်းပိုင်များ၏ အရေအတွက်နှင့် ၎င်းတို့အပေါ် ကျရောက်နေသည့် စိန်ခေါ်မှုများကို သိရှိနိုင်ရန်အတွက် ယခုလို စာရင်းကောက်ယူမှုများ လုပ်ဆောင်နေရခြင်း ဖြစ် ကြောင်းလည်း ဘေးမဲ့တော တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကောက်ယူခဲ့သည့် စာရင်းများအရ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကျက်စားလျက်ရှိသည့် ဧရာဝတီလင်းပိုင် (၁၄) ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

” မနှစ်ကဆိုရင် မိန်းမလှကျွန်း အရှေ့ခြမ်းမှာ (၈) ကောင်နဲ့ အနောက်ခြမ်းမှာ (၆) ကောင် စုစုပေါင်း (၁၄) ကောင်ကို စာရင်းကောက်ကာလမှာ မှတ်တမ်းတင်ထားရှိနိုင်ခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ စာရင်းကောက်ယူမှုများကို နှစ်စဉ်ဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်အတွက်လည်းအဖွဲ့ (၂) ဖွဲ့ခွဲကာ (၇) ရက်အကြာ မိန်းမလှကျွန်းပတ်လည်နှင့် အနီးပတ်ဝန်းကျင်တွင် စာရင်းကောက်ယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်များသည် မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ- ၁)နှင့် ထီးချိုင့်- ကသာ-ရွှေကူ (ဧရာဝတီလင်းပိုင်ထိန်းသိမ်း ရေးဧရိယာ-၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြား၌  အများဆုံး နေထိုင်ကျက်စားကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here