မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ပူးတွဲဥက္ကဋ္ဌအဖြစ်​ဆောင်ရွက်သည့် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေး

0
174

(၂၄) ကြိမ်မြောက် အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးကို မတ်လ၂၇ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ၊ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်ယူထားသည့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ အာဆီယံဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် H.E. Mrs. Hou Yanqi နှင့်အတူ ပူးတွဲ၍ အစည်း အဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးသို့ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Michael Tene တို့ တက်ရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ တာဝန်ရှိသူက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးတွင် သက်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များမှ ယခုနှစ် ဆောင်ရွက်သွားမည့် ဦးစားပေးအစီအစဉ်များ၊ တရုတ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ASEAN Smart Cities Network နှင့် ပတ်သက်သည့်ကိစ္စများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အာဆီယံ-တရုတ် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) နှင့် ၎င်း၏ နောက်ဆက်တွဲ အစီအစဉ်တို့နှင့် ပတ်သက်၍ အကောင်အထည်ဖော်လျက်ရှိသည့် ဖြစ်ပေါ်တိုးတက်မှုများ၊ (၂၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးနှင့် အထူးထိပ်သီးအစည်းအဝေးတို့၏ ရလဒ်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အာဆီယံ-တရုတ် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here