ပြည်တွင်းဆန်စျေးကျပါက တရုတ်ဖက်သို့ နယ်စပ်မှ ဆန်တင်ပို့မှု အဆင်ပြေနိုင်

0
153

ငွေကြေးမူဝါဒအပြောင်းအလဲကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ဆန်/ဆန်ကွဲတင်ပို့မှုလျော့ကျသွားပြီး ပြည်တွင်းဆန်ဈေးကျပေးမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“ဆန်/ဆန်ကွတင်ပို့မှုကတော့ လျော့ကျသွားတယ်။ သွားတော့သွား​နေတယ်၊ နည်းသွားတာပေါ့။တခြားပို့ကုန်တွေကတော့ ပုံမှန်အတိုင်းဝင်/ထွက်သွားလာနေပါတယ်။ ငွေကြေးမူဝါဒ အပြောင်း အလဲကြောင့် ဈေးကကွာသွားတယ်၊ ပြည်တွင်းမှာဆန်ဈေးကျပေးမှသာလျှင် တရုတ်ဘက်ကို တင်ပို့လို့အဆင်ပြေမှာ၊ အခုပြည်တွင်းဆန်ဈေးကလည်း ပုံမှန်ထက်အများကြီး မြင့်တက်နေတယ်။”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

ပြည်တွင်းဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း (အဟောင်း) ၁ အိတ် ၁၂၀၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) ၁ အိတ် ၇၅၀၀၀ ကျပ်မှ  ၉၀၀၀၀ ကျပ် ၊ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန် (အသစ်) ၁ အိတ် ၆၅၀၀၀ ကျပ်မှ ၇၃၀၀၀ ကျပ် ၊ဆန်ကြမ်းအသစ် (ငစိန်၊ ဇီယာ အုပ်စုဝင် ) ၁ အိတ် ၅၄၀၀၀ ကျပ် မှ ၅၅၀၀၀ ကျပ် အထိရှိကြောင်း သိရသည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မူဆယ်(၁၀၅) မိုင်ဇုန်တွင် နေ့စဉ်ကုန်ကားအစီးရေ ၂၀၀ နှင့် ၂၅၀ ကြားဝင်ထွက်သွားလာမှုရှိကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်ဘက်သို့ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းတွေကို တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

ယင်းအပြင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂ ဘီလီယံကုန်သွယ်မှုဝင်ငွေရရှိထားပြီး ယခင်ထက် အမေရိကန်ဒေါ်လာ ၅၆၄ သန်းကျော်ပိုမိုရရှိထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here