ဓာတ်ဆီတစ်လီတာ ၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၉၀ ကျပ်အထိ ကျဆင်းလာ၍စက်သုံးဆီ တန်းစီသူပိုမိုများပြားလာ

0
131

ယခုရက်ပိုင်းအတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ အကျဘက်သို့ဦးတည်လာပြီး ယနေ့တွင် ဓာတ်ဆီတစ်လီတာ ၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၉၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

စက်သုံးဆီ​စျေးကျဆင်းခြင်း​ကြောင့်လား၊ပိတ်ရက်ခရီးသွားအစီစဥ်များ​ကြောင့်လားမကွဲပြား​သော်လည်းဆီတန်းစီသူ ပိုမိုများပြားလာသည်ကို​တွေ့ရသည်။

မတ်လ (၂၀) ရက်နေ့စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၃၅ ကျပ်၊ ၉၅ တစ်လီတာ ၂၁၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၁၇၀ ကျပ်ဖြစ်ပြီး ယနေ့တွင်  ဓာတ်ဆီ ၉၂ တစ်လီတာ ၁၉၆၅ ကျပ် ၊ ၉၅ တစ်လီတာ ၂၀၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၀၀ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၀၈၀ ကျပ် ထိကျဆင်းလာခြင်းဖြစ်သည်။

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here