မန္တလေး-ရန်ကုန် လေအိတ်အထူးရထားအား တပ်မတော်နေ့မတိုင်မီနှင့်သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ၃ ရက်ပြေးဆွဲသွားမည်

0
143

မန္တလေး-ရန်ကုန် ခရီးစဥ်အဖြစ် တွဲဆိုင်း ၁၂ ဆိုင်းပါ လေအိတ်အထူးရထားကိုတပ်မတော်နေ့မတိုင်မီနှင့်သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ၃ ရက်ကြိုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရုံးပိတ်ရက်များ၌ အများပြည်သူသွားလာမှုအ ဆင်ပြေစေရန် တိုးချဲ့ပြေးဆွဲပေးခြင်းဖြစ်ပြီး ပုံမှန်ပြေးဆွဲနေသည့် ရထားများမှာလည်း ယခင်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။

“တပ်မတော်နေ့မတိုင်ခင် မတ် ၂၄ ရက်၊ သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် ဧပြီ ၇ ရက်နဲ့ ၈ ရက်တွေမှာ မန္တလေး-ရန်ကုန် အစုန်လေအိတ်အထူးရထားပြေးဆွဲပေးသွားမှာပါ အမှတ်(၆)အစုန်နဲ့အမှတ် (၄)အစုန် အထူးရထားတွေပါ ပိတ်ရက်တွေမှာအိမ်ပြန်ချင်တဲ့လူတွေ အဆင်ပြေပြေပြန်နိုင်အောင် စီစဥ်ပေးတာပါ”ဟု မြန်မာ့မီးရထား (မန္တလေး)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ပြေးဆွဲမည့် လေအိတ်အထူးရထားတွင် ရိုးရိုးတန်း(၆)တွဲ၊အထက်တန်း(၆)တွဲပါရှိမည်ဖြစ်ကာ လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၇၅၀ ကျပ်၊ အထက်တန်း ၁၅၄၅၀ ကျပ်၊အထက်တန်းအိပ်စင် ၂၁၂၅၀ ကျပ်တို့ဖြစ်ပြီး လက်မှတ်များအား နေ့ ချင်း၊တစ်ရက်ကြို၊နှစ်ရက်ကြို၊သုံးရက်ကြိုဝယ်ယူနိုင်ကြောင်း သိရသည်။

မတ် ၂၄ ရက်တွင်ပြေးဆွဲမည့် လေအိတ်အထူးရထားသည် ကျောက်ဆည်၊သာစည်၊ပျော်ဘွယ်၊ရမည်းသင်း၊နေပြည်တော်၊ပျဉ်းမနား၊တောင်ငူ၊ ညောင်လေးပင်ဘူတာတို့တွင် ရပ်နားမည်ဖြစ်သည်။

ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင်ပြေးဆွဲမည့် လေအိတ်အထူးရထားသည် သာစည်၊နေပြည်တော်၊ပျဉ်းမနား၊ပဲခူးဘူတာတို့တွင် ရပ်နားပေးသွားမည်ဖြစ်သည်။

မြန်မာ့မီးရထားက နယ်ဝေး ရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့်ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here