ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် တာဝန်သိနိုင်ငံအဖြစ်ရပ်တည်၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို ပွင့်လင်းမြင်သာစွာဆောင်ရွက်လျက်ရှိ

0
133

ပြည်သူ့ဘဏ္ဍာငွေများအား စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မတ် ၂၁ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်(၁/၂၀၂၃)အစည်းအဝေးသို့တက်ရောက်၍ အမှာကြားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့အစိုးရအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို ပွင့်လင်းမြင်သာစွာ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အသုံးစရိတ်များသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ရေး၊တင်ဒါစည်းမျဉ်းစည်းကမ်းများလိုက်နာရေး၊စာရင်းစစ်ဆေးမှုခံယူရေးတို့ကို အမိန့်ညွှန်ကြားချက်များထုတ်ပြန်ကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ဌာန၊ အဖွဲ့အစည်းများမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေ စာရင်းများလျာထားရာတွင် အမှန်အကောင်အထည်ဖော်နိုင်မှု နီးစပ်အောင်လျာထားခြင်း၊ဘတ်ဂျက်လိုငွေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရငွေလျာထားချက်အပေါ် ပြည့်မီကျော်လွန်ရရှိအောင်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် အသုံးစရိတ်များလျာထားရာတွင်လည်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုနိုင်မည့် လုပ်ငန်းများနှင့်ပြည်သူ့လူမှုစီးပွားဘဝကိုမြှင့်တင်ပေးမည့် အသုံးစရိတ်များကို ဦးစားပေးလျာထားသုံးစွဲခြင်း၊ အခြားအသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲခြင်းတို့ကိုလိုက်နာဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

နိုင်ငံတော်ကရယူထားသည့် ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် မိမိတို့အနေဖြင့် တာဝန်သိနိုင်ငံအဖြစ်ခံယူရပ်တည်ကာ အချိန်စေ့ရောက်သည့် အရင်းအတိုးများကို သူ့အချိန်နှင့်သူ ပေးဆပ်နိုင်ရန် ဦးစားပေးထည့်သွင်းလျာထားခွင့်ပြုထားသည်ဟုလည်းပြောသည်။

“ကိုဗစ်(၁၉)ရောဂါနှင့်အတူဖြစ်ပေါ်လာတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးကျဆင်းမှုအခြေအနေ၊နိုင်ငံသုံးငွေတန်ဖိုးကျဆင်းမှုအခြေအနေ၊လောင်စာဆီနဲ့အထွေထွေကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာမှုအခြေအနေတွေကြောင့် မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲသုံးစွဲရာမှာ အထူးဂရုပြုပြီးစီမံခန့်ခွဲသုံးစွဲဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here