တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၇) ဦးအား တနင်္ဂနွေနေ့၌ ရုံးတင်စစ်ဆေးမည်

0
130

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား လာမည့် မတ်လ (၂၆) ရက် တနင်္ဂနွေနေ့တွင် ရုံးတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသား(၉) ဦးနှင့်အမျိုးသမီး (၈) ဦး (စုစုပေါင်း ၁၇ ဦး)တို့သည် မလေးရှားနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာပြီးနောက် မလေးရှား-ထိုင်းနယ်စပ်၌ လာခေါ်မည့်ပွဲစားအား စောင့်ဆိုင်းနေစဥ် ဖမ်းဆီးခံခဲ့ရပြီးနောက် ကလန်းတန်း ရဲစခန်း ၌ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ထိန်းသိမ်းခံထားခဲ့ရာမှ တနင်္ဂနွေနေ့တွင် ရုံးတင်စစ်ဆေးခံရမည်ဖြစ်၍ ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများလိုအပ်၍ အမြန်ဆုံးဆက်သွယ်ပေးရန် လိုအပ်ကြောင်း သိရသည်။

“လိုအပ်တဲ့ အထောက်အထားရမှသာ ကလေးတွေကို အမြန်ဆုံး ပြန်လွတ်အောင်ကူညီနိုင်မှာ ၊ ကျွန်တော်တို့ဖက်ကလည်း ဖမ်းခံထားရတဲ့ကလေးတွေ အမြန်ဆုံးပြန်လွတ်အောင် အစွမ်းကုန်လိုက်လုပ်နေပါတယ်။ ကူညီပေးနေတဲ့အဖွဲ့တွေ အကုန်လုံးချိတ်ဆက်ပြီး လုပ်နေပါတယ်”ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ (၁၇) ဦးအနက် (၂) ဦး၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိထားကာ ပြန်လည်လွတ်မြောက်အောင်ကူညီနိုင်ရန် ဖမ်းဆီးခံရသူများ၏ စာရွက်စာတမ်း အထောက်အထားများ အမြန်လိုအပ်လျက်ရှိကြောင်း သိရသည်။

“လာခေါ်မယ့်ပွဲစားကို စောင့်နေတုန်း မလေးရှား – ထိုင်းနယ်စပ်က ရာဘာခင်းထဲမှာ ဖမ်းခံရတာ။ မနက် (၅) နာရီခွဲလောက်ပေါ့။ နယ်ခြားစောင့်တပ်ရဲ့လှည့်ကင်းက ဖမ်းမိတာ”ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here