ကျောက်တန်းမြို့၌ စက်တပ်သဲသမ္ဗာန်စက်နှိုးရာမှဘက်ထရီအိုးပေါ်သို့မီးပွားကျကာ မီးလောင်မှုဖြစ် ၅ ဦးဒဏ်ရာရ စက်လှေပိုင်ရှင်အားအမှုဖွင့်ခဲ့

0
157

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊သီတာမြိုင်ရပ်ကွက်ရှိ မြစ်ကမ်းအနီး၌ စက်တပ်သဲသမ္ဗာန်စက်နှိုးရာမှ မီးလောင်ခဲ့မှု မတ် ၂၃ ရက်မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီ၄၅ မိနစ်ခန့်က ကျောက်တန်း၊မြို့နယ်၊သီတာမြိုင်ရပ်ကွက်ရှိ မြစ်ကမ်းအနီး၌ ကျောက်တန်းမြို့နယ်၊ရွှေပြည်သာရပ်ကွက်နေ ဦးအောင်မြင့်ဦးပိုင် စက်တပ်သဲသမ္ဗာန်စက်နှိုးစဥ် ဘက်ထရီအိုးပေါ်သို့မီးပွားကျပြီး မီးလောင်မှုဖြစ်ပွားခဲ့၍ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် အလျား ၈၀ ပေ၊ အနံ ၂၅ ပေရှိ စက်တပ်သဲသမ္ဗာန်၏ ဘတ္ထရီအိုးကြီး ၂ လုံး၊ဝါယာကြိုးအချို့နှင့်စက်ခန်းအနည်းငယ် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်လှေလုပ်သားများဖြစ်သည့် ဦးမျိုးကျော်လွင်(ခ)ကုလားကြီး၊ဦးဗေလု(ခ)မြင့်ထွန်း၊ဦးဇော်ထူး(ခ)ဂျိုးဖြူး၊ဦးနေလင်းကျော်၊ကိုကိုနိုင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“စက်လှေအလုပ်သမား ၄ ယောက်က မီးဟပ်တဲ့ဒဏ်ရာတွေပေါ့ ကိုကိုနိုင်ဆိုတဲ့အလုပ်သမားက မီးလောင်တဲ့အချိန် ရေထဲကိုခုန်ချတော့ စက်လှေပေါ်က သံပြားနဲ့တိုက်မိပြီး ညာဘက်လက်မောင်းမှာ (၈)လက်မလောက်ကွဲသွားတယ် ၅ ယောက်လုံးက မစိုးရိမ်ရပါဘူး အခု ကျောက်တန်းဆေးရုံမှာဆေးကုသမှုခံယူနေကြပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ စက်တပ်သဲသမ္ဗာန်ပိုင်ရှင်အား ကျောက်တန်းမြို့မရဲစခန်းက(ပ)၃၅/၂၀၂၃၊ရာဇသတ်ကြီးပုဒ်မ-၂၈၅/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

Photo-ကိုဝင်းစိုး


LEAVE A REPLY

Please enter your comment!
Please enter your name here