စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန်နှေးနေခြင်းက ယူကရိန်းစစ်ကို ပိုကြာစေနိုင်ဟု အီးယူအားသမ္မတဇလန်းစကီးသတိပေး

0
187

ကိဗ်၊မတ် ၂၄

သမ္မတဇလန်းစကီးက အီးယူခေါင်းဆောင်များအား ယခင်က ထောက်ပံ့ခဲ့ဖူးသော စစ်ရေးအကူအညီများအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး ဆက်လက်၍ စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ရန်အချိန်ဆွဲနေပါက ယူကရိန်းအား ပို၍စစ်တလင်းဖြစ်စေနိုင်ပြီး စစ်ပွဲနှစ်ရှည်ကြာသွားနိုင်သည်ဟု သတိပေးစကားပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် တိုက်လေယာဉ်များနှင့် တာဝေးပစ်ဒုံးကျည်များလိုအပ်နေပြီး လက်နက်များပေးရန်အချိန်ဆွဲနေပါက ရုရှားအား စစ်အင်အားဖြည့်တင်း၊ပြန်လည်စုဖွဲ့ရန် အချိန်ပေးလိုက်သလိုဖြစ်ကာ အခြေနေအခုထက်ပိုဆိုးသွားနိုင်ပြီး ကာလရှည်ကြာသွားနိုင်သည်ဟုဆိုလျက် ရုရှားအပေါ်ပိတ်ဆို့မှုများထပ်မံပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်ဟုသိရသည်။

“တကယ်လို့ဥရောပကသာ စောင့်ဆိုင်းအချိန်ဆွဲနေမယ်ဆိုရင် ကျူးကျော်ရန်လိုသူတွေဟာ အင်အားဖြည့်တင်းဖွဲ့စည်းဖို့အချိန်ရသွားပြီး နှစ်ရှည်တိုက်ယူရမဲ့စစ်မျိုးဖြစ်အောင် လုပ်လိုက်နိုင်ပါလိမ့်မယ်၊ဒါကြောင့် အခုလိုအခြေနေမျိုးမရောက်အောင်တားနိုင်တဲ့ အခွင့်အာဏာကဥရောပလက်ထဲမှာပါ” ဟုလည်း၎င်းကဆိုခဲ့သည်။

ဇလန်းစကီးက ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန်တောင်းဆိုခဲ့သော်လည်း တစ်ပြိုင်တည်းမှာပင် ယူကရိန်း၏အီးယူအဖွဲ့ဝင်ဖြစ်ရေးနှင့် ကိဗ်၏ငြိမ်းချမ်းရေးအစီအစဉ်အတွက် ထောက်ခံအားပေးမှုမြှင့်တင်ရန်လည်း တွန်းအားပေးခဲ့သည်။

ယူကရိန်းအနေဖြင့် ယခုနှစ်၌ အီးယူအဖွဲ့ဝင်ဖြစ်ရေးညှိနှိုင်းမှုစတင်ခြင်းအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ကျန်အီးယူခေါင်းဆောင်များအနေဖြင့်လည်း အလားတူ အဆင်သင့်ဖြစ်မှုမျိုးရှိရန်လိုအပ်နေပြီဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here