တောင်တရုတ်ပင်လယ်အတွင်းသို့ အမေရိကန်စစ်သင်္ဘောဝင်လာသည်ဟူသော စွပ်စွဲချက်အား အမေရိကငြင်းဆို

0
231

အငြင်းပွားနေသည့်တောင်တရုတ်ပင်လယ်အတွင်းသို့ အမေရိကန်စစ်သင်္ဘောတစ်စီးဝင်လာသည်ဟူသော တရုတ်နိုင်ငံ၏စွပ်စွဲချက်အား အမေရိကဘက်မှမဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုထားသည်။  

ရှီရှာကျွန်းစုဟုလည်းသိကြသော ပါရာဆဲလ်ကျွန်းများအနီးသို့ အမေရိက၏ဖျက်သင်္ဘောတစ်စီးဝင်ရောက်လာသဖြင့် စောင့်ကြည့်သတိပေးခဲ့ရကြောင်း တရုတ်စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားသည့် USS Milius သည် တရုတ်နိုင်ငံရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်ဟု ပေကျင်းကပြောကြားခဲ့ပြီး အဆိုပါလုပ်ရပ်သည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပျက်ပြားစေသည်ဟုလည်းပေကျင်းကဆိုသည်။

သို့သော် အဆိုပါစွပ်စွဲချက်အား အမေရိကဘက်မှငြင်းဆိုထားပြီး ၎င်းတို့သင်္ဘောအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ပုံမှန်စစ်ဆင်ရေးလုပ်ဆောင်နေခြင်းသာဖြစ်ပြီး မည်သည့်ပိုင်နက်ကိုမှမကျူးကျော်သလို မည်သူ့ကိုမှလည်း သတိပေးမောင်းထုတ်မှုမလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။

အမေရိကန်ရေတပ်၏ထုတ်ပြန်ချက်၌ အမေရိကအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကအသိမှတ်ပြုခွင့်ပြုထားသည့် နေရာတိုင်း၌ ၎င်းတို့အနေဖြင့် မြေပြင်၊ဝေဟင်နှင့်ရေပြင်သုံးမျိုးလုံးကို အသုံးပြုနေမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here