မြဝတီမြို့တွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကာ ရုံးအချို့မီးရှို့ဖျက်ဆီးခံရ

0
150

ကရင်ပြည်နယ်၊မြဝတီမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များနှင့်လက်နက်ကိုင်အဖွဲ့များကြား မတ် ၂၅ ရက်(ယနေ့)နံနက်အစောပိုင်း ၅ နာရီခန့် မှစတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု မြဝတီမြို့ခံများထံမှ သိရသည်။

ထို့ပြင် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင်လည်း လက်နက်ကိုင်အဖွဲ့ဝင်များက သင်္ဃန်းညီနောင်ရဲစခန်းရှေ့၊သင်္ဃန်းညီနောင်သက်သက်လွတ်ကျောင်းရှေ့နှင့်ကုန်သွယ်ရေးဇုန်တို့အား လက်နက်ကြီး၊သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြ၍ လုံခြုံရေးအဖွဲ့ဝင်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

“မနက် ၈ ခွဲလောက်အထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ အပြန်အလှန်ပစ်ခတ်တာပေါ့။ လက်နက်ကြီးပေါက်ကွဲတာလည်းရှိတယ်။ အခုလည်း ကြိုကြားကြိုကြား သေနတ်သံတွေကြားနေရတယ်။ ဒဏ်ရာရတဲ့လူရှိ/မရှိဆိုတာတော့ကျွန်တော်တို့လည်း မသိသေးဘူး”မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ပြင် မြဝတီကုန်သွယ်ရေးဇုန်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင်များက ကုန် သွယ်ရေးဇုန်အတွင်းရှိ အကောက်ခွန်ရုံးနှင့်စီးပွားကူးသန်းရုံးတို့အပါအဝင် ရုံးခန်းအချို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

“ကုန်သွယ်ရေးဇုန်ဖက်ကနေ မီးခိုးလုံးတွေတက်လာတာအများကြီးပဲ ဇုန်ဖက်ကအဆက်အသွယ်တွေကိုလှမ်းပြီးစုံစမ်းကြည့်တော့ ရုံးခန်းသော့တွေကိုရိုက်ဖျက်ပြီး မီးရှို့တာတွေလုပ်သွားတယ်လို့ပြောတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများအပြင် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်ရှိ နေရာအချို့တွင်လည်း ပေါက်ကွဲမှုများကြောင့် လမ်းများပျက်စီးမှုရှိနေကြောင်း သိရသည်။

“အာရှလမ်းကိုဖြတ်သန်းခွင့်ပိတ်မပိတ်ဆိုတာတော့ ကျွန်တော်တို့မသိသေးဘူး။လုံခြုံရေးအဖွဲ့တွေတော့ လမ်းပိုင်းလုံခြုံရေးအတွက် ရောက်နေတယ်ကြားတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here