တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်း – မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် (၁)ကို ယာယီပိတ် ၊ မဲဆောက်ဘက်ခြမ်းတွင် ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ထား

0
230

ယနေ့နံနက် အစောပိုင်းမှ စတင်ကာ မြဝတီမြို့အနီးပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲများအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁) ကို ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် (၆) နာရီဝန်းကျင်အချိန်မှ စတင်ကာ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင် ရဲစခန်းအနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး မြဝတီမြို့ပေါ်ရပ်ကွက်အချို့ရှိ လမ်းများပါ ပိတ်ထားကြောင်း မြဝတီမြို့ခံအချို့က ပြောသည်။

” တိုက်ပွဲအရှိန်ကြောင့် လမ်းတွေ ပိတ်ထားတယ်။ အသွား အလာ မရှိသလောက်ပဲ။ တံတားကိုလည်း ယာယီပိတ်လိုက်ပြီ။အသေးစိတ်ကတော့ မသိနိုင်ဘူး ။လောလောဆယ်တော့ ပိတ်ထားတယ်။ ထိုင်းဘက်အခြမ်းမှာလည်း ထိုင်းစစ်တပ်က လုံခြုံရေးတိုးထားတာ တွေ့ရတယ်” ဟု မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

KNLA ပူးပေါင်းအဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား ထိတွေ့တိုက်ပွဲအတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းရှိ ဂိုဒေါင်အချို့နှင့် ရုံးခန်းအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မြဝတီ – ကော့ကရိတ်လမ်းပိုင်းတွင်လည်း မိုင်းထောင်ဖောက်ခွဲမှုကြောင့် လမ်းပိုင်းနေရာအချို့တွင် ပျက်စီးမှုများရှိကြောင်း သိရသည်။

လက်ရှိတွင် ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတားအား ပိတ်ထားမှုနှင့် ပတ်သက်၍ တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးဘဲ ယာယီသဘောပိတ်ထားခြင်းသာ ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

” တိုက်ပွဲကြောင့် ခဏပိတ်လိုက်တဲ့သဘောပဲနေမှာပါ။ ပြန်ဖွင့်တာလည်း မကြာသေးဘူးဆိုတော့လေ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁) ကို ပြီးခဲ့သည့် ကိုဗစ်ကာလမှ စတင်ကာ (၃) နှစ်ကြာ ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၂)ရက်တွင် (၂) နိုင်ငံ တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here