မီးခိုးမြူများ​နေသည့် တာချီလိတ်သို့ လေယာဥ် ဆင်းသက်နိုင်မူခက်ခဲ​နေသဖြင့်ခရီစဥ်အချို့​နောက်​ရွှေ့

0
157

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်အတွင်း ထူထပ်စွာကျရောက်နေသည့် မီးခိုးမြူများကြောင့် မတ် ၂၅ ရက်က တာချီလိတ်လေဆိပ်သို့ဆင်းသက်ခဲ့သည့် လေယာဥ် ၅ စီးသာရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က တာချီလိတ်လေဆိပ်သို့ဆင်းသက်ရန်လျာထားသည့် ရန်ကုန်၊မန္တလေးနှင့်လားရှိုးတို့မှ လေယာဥ် ၉ စီးရှိပြီး မီးခိုးမြူများထူထပ်စွာကျရောက်နေသဖြင့် ၅ စီးသာဆင်းသက်နိုင်ခဲ့ကာ ကျန်ရှိသည့် လေယာဥ် ၄ စီးအား မတ် ၂၇ ရက်မှသာဆင်းသက်ရန် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ဆင်းသက်ခဲ့သည့် လေယာဥ် ၅ စီးမှာလည်း မီးခိုးမြူများကြောင့် ဆင်းသက်ရန်သတ်မှတ်ထားသည့်အချိန်ထက်များစွာနောက်ကျပြီးမှသာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့်ချင်းရိုင်ခရိုင်တို့တွင် လေထုထဲ၌ PM 2.5 အမှုန်ပါဝင်မှု အဆိုးဆုံးအဆင့်ရောက်ရှိနေပြီး တာချီလိတ်ခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ မတ် ၂၄ ရက်မှ ၂၅ ရက်အထိ ၂၄ နာရီ တိုင်းတာချက်အရ တာချီလိတ်မြို့နယ်တွင် မီးခိုးမြူများကြောင့် ပတ်ဝန်းကျင်လေထုအရည်အသွေးမှာ နီညိုရောင်အဆင့်တွင်ရှိနေကြောင်း သိရသည်။

“တာချီလိတ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ထဲက မီးခိုးမြူတွေဖြစ်နေတာ ဘယ်ကဘယ်လိုဖြစ်လဲ ဆိုတာတော့ သက်ဆိုင်ရာဌာနတွေကပဲသိလိမ့်မယ်။ လေထုအရည်အသွေးတိုင်းတာချက်တွေလည်း ထုတ်ပြန်ပေးထားတယ်။ လိုက်နာရမယ့်အချက်တွေကောပေါ့။ နောက်ပြီး မီးသတ်ဌာနက ရေတွေလိုက်ဖျန်းပေးနေတယ်”ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည်။

ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ကလေးငယ်များ၊ကိုယ်ဝန်ဆောင်များ၊အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ၊နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲနေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း(Mask)များတပ်ဆင်ရန်သက်ဆိုင်ရာတာဝန်ရှိသူများက အကြံပြုထားသည်။

မျက်စိစပ်ခြင်းများဖြစ်ပေါ်လာပါကလည်း လက်ဖြင့်ပွတ်ခြင်းများမပြုသင်ဘဲ သန့်ရှင်းသည့် ရေစိုအဝတ်ဖြင့် ညင်သာစွာသုပ်ပေးခြင်း၊သန့်ရှင်းသောရေဖြင့် ဆေးကြောကြရန်လည်း အကြံပြုထားသည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here