မြန်မာနှင့်တရုတ် လျှပ်စစ်ဓာတ်အား ကိစ္စ​ဆွေး​နွေး

0
103

မြန်မာနိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရန်အတွက် Master Plan ကို ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲထားသော်လည်း နှစ်အလိုက် ထုတ်လုပ်မှုနှင့်သုံးစွဲမှု မမျှတသောကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ကပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် ပေကျင်းမြို့ရှိ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့(National Energy Administration- NEA)ရုံးချုပ်၌ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ NEA ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန်နှင့်အဖွဲ့ကို တွေ့ဆုံစဉ်ပြောကြားခဲ့သည်

ထိုသို့တွေ့ဆုံစဉ် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းနိုင်ရန် အရင်းအမြစ်မျိုးစုံဖြစ်သော ရေအား၊ လေအား၊ နေရောင်ခြည်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်လျက်ရှိကြောင်း၊ သို့ရာတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းလာသဖြင့် ရေအား၊ နေရောင်ခြည်နှင့် လေအားအပြင် ကျောက်မီးသွေးမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကိုလည်း လိုအပ်သည်များ ကူညီဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိကြောင်း၊ ရေအားလျှပ်စစ်တွင် အကြီးစားရေအားလျှပ်စစ်စီမံကိန်းများအပြင် အသေးစားရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆောင်ရွက်ရန် စီမံမူများ၊ လေအား အနေဖြင့်လည်း အရင်းအမြစ် နေရာများစွာရှိသဖြင့် ထပ်မံတိုးချဲ့ထုတ်လုပ်ရန် စီစဉ်ထား‌​​ကြောင်းပြောကြားခဲ့သည်။

ယင်းအပြင် ယခုကာလတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် တတ်နိုင်သမျှ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက် လျက်နေပြီး ယင်းကြောင့် မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် လာရောက်သူများကို (NEA) အနေဖြင့် ခွင့်ပြုပံ့ပိုးပေးရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဖလှယ်သည့် ဆွေးနွေးပွဲနှင့်သင်တန်းများကိုလည်း ဖိတ်ခေါ်ပေးရန်တို့ကိုဆက်လက် ဆွေးနွေးခဲ့သည်။

ယင်းအပြင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သည့် ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိသည့် တရုတ်ကုမ္ပဏီများ၏ လိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးရန်NEA ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန် (Mr. Ren Jing Dong) က တိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here