ကျုံဒိုးတွင်ဖြစ်နေသည့်တိုက်ပွဲကြောင့် အဓိကလမ်းများဖြတ်သန်းသွားလာခွင့်ပိတ်ထား၍ ထို့ကိုကိုးလမ်းမှသာ ယာဥ်များသွားလာနေရ

0
207

ကရင်ပြည်နယ်၊ကျုံဒိုးမြို့တွင် မတ် ၂၅ ရက်နံနက်ပိုင်းမှစတင်ကာ လုံခြုံရေးအဖွဲ့ဝင်များနှင့်လက်နက်ကိုင်အဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုသည် မတ် ၂၆ ရက်(ယနေ့)တွင်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျုံဒိုးမှတဆင့်ဖြတ်သန်းသွားလာရသည့် အဓိကလမ်းများအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ရာ ခရီးသည်တင်ကားများ၊ကုန်တင်ကားများနှင့်အိမ်စီးကားများမှာ ထို့ကိုကိုးလမ်းအား အသုံးပြု၍ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။

“အဓိကလမ်းမတွေအကုန်လုံးကပိတ်ထားတော့ ထို့ကိုကိုးလမ်းကနေပဲသွားနေရတယ်။ အဲဒီလမ်းကမြေသားလမ်း၊ ရှေ့ကကားတစ်စီးမောင်းသွားရင်ဖုန်တထောင်းထောင်း နဲ့နောက်ကားတွေဘာမှမမြင်ရတော့ဘူး။ လမ်းလည်းကြမ်းတယ်”ဟု ခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုသည် ကျုံဒိုး၊မြဝတီနှင့်မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ကျုံဒိုးနှင့်ကော့ကရိတ်မြို့ဘက်တို့တွင် ဖြစ်ပွားခြင်းဖြစ်၍ ထို့ကိုကိုးလမ်းအား မည်သည့်အချိန်တွင် ဖြတ်သန်းသွားလာခွင့်ပိတ်မည်ကို သိရှိရခြင်းမရှိသေးကြောင်း ခရီးသည်တင်ကားမောင်းသူများထံမှ သိရသည်။

“လက်ရှိအချိန်ထိတော့ ဖြတ်သန်းသွားလာလို့ရသေးတယ်။ ထို့ကိုကိုးလမ်းက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ဝေးတယ်ပြောရမှာပေါ့ ။တိုက်ပွဲအနေအထားက ဒီဖက်ကိုရောက်လာရင်တော့ ဒီလမ်းကိုလည်း ဖြတ်သန်းခွင့်ပိတ်မယ်နဲ့တူတယ်”ဟု ခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားမှုတွင် လက်နက်ကြီးပစ်ခတ်မှုများလည်းရှိနေကာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့တွင် ပြည်သူများသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here