ကာကွယ်ရေးစွမ်းရည်မြှင့်တင်နိုင်ရန် တပ်မတော်ကို Standard Army အဖြစ်ဖွဲ့စည်းနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြော

0
223

ကာကွယ်ရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် တပ်မတော်ကို Standard Army အဖြစ်ရည်မှန်းဖွဲ့စည်းနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ မတ်လ (၂၇) ရက်တွင် ကျရောက်သော (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

” ကာကွယ်ရေး ကဏ္ဍမြှင့်တင်နိုင်ရေးအတွက်တပ်မတော်ကို သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်ပြီး တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် (Standard Army) အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်း တည်ဆောက်လျက်ရှိပါတယ်။ အနာဂတ် တပ်မတော်ကို (Standard Army) အဖြစ် တည်ဆောက်ရာမှာ တပ်များကို ခေတ်နဲ့ကိုက်ညီအောင် လုပ်ဆောင်လျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်သားများ အနေဖြင့်လည်း လက်ဝယ်ပိုင်ဆိုင်ထားသည့် ခေတ်မီ စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန်အတွက် စဉ်ဆက်မပြတ်လေ့ကျင့် ဆောင်ရွက်နေရမည်ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် တပ်မတော်၏ အရည်အချင်းသည် လူတစ်ဦးချင်းစီ၏ စွမ်းရည်ပေါ်တွင် အခြေခံပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့် ပေါင်းစပ်ရခြင်းဖြစ်သည့်အတွက် တပ်မတော်သားများ၏ တစ်ဦးချင်းစွမ်းရည်မြင့်မားရေးကို အလေးအနက်ထား လုပ်ဆောင်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်းမှာကြားခဲ့သည်။

နိုင်ငံအင်အား တောင့်တင်းခိုင်မာရန် တပ်နှင့် ပြည်သူ စည်းလုံးညီညွတ်ရန် လိုအပ်သည့်အတွက် တပ်မတော်သားများအနေဖြင့် ပြည်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀) နှင့်အညီ နေထိုင်ကျင့်ကြံပြီး ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဟုလည်းဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here