အထွေထွေရွေးကောက်ပွဲသည် ပြည်သူများ၏ အနာဂတ်မျှော်လင့်ချက်ဖြစ်၍ ပြီးစလွယ်လုပ်မရ

0
167

ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ပြည်သူများ၏ အနာဂတ်မျှော်လင့်ချက်အတွက် မဲပေးရွေးချယ်ခြင်းဖြစ်၍ ပြီးစလွယ်လုပ်လို့မရဟု နစက ဥက္ကဋ္ဌကပြောသည်။

နေပြည်တော်၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့်အချက်အား အတိအလင်းဖော်ပြထားပြီးဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲအား ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီးတရားမျှတစွာ ပြည်သူများ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရေး၊အကြားအလပ်မရှိ မဲပေးနိုင်ရေးကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရန် အဓိကလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေးဖြစ်သည်ဟု ဆိုသည်။

“အထွေထွေရွေးကောက်ပွဲဟာ ပြည်သူတွေက သူတို့ရဲ့အနာဂတ်မျှော်လင့်ချက်အတွက် မဲပေးရွေး ချယ်တင်မြှောက်ခြင်းဖြစ်တာကြောင့် ရွေးကောက်ပွဲကိုပြီးစလွယ်လုပ်လို့မရနိုင်ဘူး”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များကဲ့သို့မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကာ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏ ရွေးကောက်ပွဲဖြစ်ပြီး အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို ပုံဖော်ဖန်တီးသွားမည်ဟု ဆိုသည်။

“တို့တစ်တွေအားလုံး အသိတရားရှိရှိ အမြော်အမြင်ကြီးစွာနဲ့ဆောင်ရွက်ကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here