မန္တလေးတွင် ရွှေသန့်စင်ဆိုင် တစ်ဆိုင်ထံမှ ငွေသိန်း ၁၀၀၀ ကျော် ဓားပြတိုက်မှုဖြစ်ပွား

0
243

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ ‌ရွှေသန့်စင်ဆိုင်မှ ရောင်းချရ ငွေများကို ဝန်ထမ်း (၂) ဦးက ကားပေါ်တင်နေစဉ် ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ မတ်လ (၂၇) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိ အမျိုးသား (၃) ဦးက သေနတ်ပြကာ ဓားပြတိုက် လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

” ဖြစ်တာက မနေ့က ညနေ (၅) နာရီဝန်းကျင်မှာ ဖြစ်တာ မှန်ပါတယ်။ ၈၅(A)လမ်း မှာပေါ့။ ​ရွှေရောင်းပြီး ပြန်ဖို့ ကားပေါ်ကို ပိုက်ဆံအိတ်တွေ တင်နေတုန်း လူ(၃) ယောက်က ကားတစ်စီးနဲ့ ရောက်လာပြီး သေနတ်ပစ်ဖောက်ပြီး လုယူသွားတာပေါ့။တအိတ်မှာ သိန်း ၃၀၀စီထည့်ထားတဲ့ (၄) အိတ်ပါသွားတာဆိုတော့ ၁၀၀၀ ကျော် လောက်လို့တော့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ မတ်လ (၂၇) ရက် ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၈၅ (A)လမ်း၊ ၃‌၁ လမ်းနှင့် ၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေအရောင်းဆိုင်မှ ရွှေများလာရောက် ရောင်းချ၍ ရရှိသည့် ငွေကျပ် သိန်း (၁၀၀၀) ကျော်ကို လုယူသွားခြင်းလည်း ဖြစ်သည်။

ယမန်နေ့ ညနေပိုင်းက ရွှေရောင်းရ ငွေများကို ဆာလာအိတ် (၅) အိတ်ဖြင့်ထည့်ကာ ကားပေါ်သို့ တင်နေစဉ် ဓားပြတိုက်မည့် အမျိုးသား (၃) ဦးက ကားတစ်စီးဖြင့် ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ပိုက်ဆံထည့်ထားသည့် ဆာလာအိတ် (၄) လုံးကို ၎င်းတို့ စီးနင်းလာသည့် ကားပေါ်သို့ တင်၍ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့်  ငွေကျပ်သိန်း ၁၂၀၀ ဝန်းကျင် ပါသွားပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက လုပ်ဆောင်နေကြောင်း သိရသည်။

“ရှာဖွေစစ်ဆေးတာတွေလုပ်နေပါတယ် CCTV မှတ်တမ်းကိုလည်းစစ်နေတယ် သေနတ်ပစ်ဖောက်ပြီးလုယက်တာပါ။ထိခိုက်ဒဏ်ရာရတဲ့လူ​တော့မရှိပါဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here