မန္တလေး-မြင်းခြံသွားကားလမ်းတွင် မိုင်းပေါက်ကွဲ သံဃာတော်တစ်ပါးဗိုက်ပွင့်ပြီးပြင်းထန်ဒဏ်ရာရ

0
115

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်ရှိ မန္တလေး-မြင်းခြံသွားကားလမ်းတွင် မတ် ၂၇ ရက်ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့၍ သံဃာတော်တစ်ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၆ နာရီ ၁၅ မိနစ်ခန့်က နွားထိုးကြီးမြို့နယ်၊လျှော်ဖြူကျေးရွာအုပ်စု၊ဘညောင်ပင်သာကျေးရွာအနီးရှိ မန္တလေး-မြင်းခြံသွားလမ်း၏ မိုင်တိုင်အမှတ် ၁၂/၁ ကျောက်လုံးကြီးကွေ့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်စဥ်အနီးမှဖြတ်သွားသော အလိုတော်ပြည့်ကျောင်းတိုက် ပုဂံ-ညောင်ဦးမြို့စာတမ်းပါ ALPHARD (အဖြူရောင်)ကားပေါ်တွင်လိုက်ပါလာသည့် ညောင်ဦးမြို့၊အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းနေ ဦးစန္ဒ(၄၅) နှစ်၊ဝါတော်(၂၅ ဝါ)၏ ဘယ်ဘက်ပါးစုတ်ပြဲ၊ဝမ်းဗိုက်ပွင့်ထွက်၊ဘယ်ဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရသွားတဲ့သံဃာတော်ကို ပထမနွားထိုးကြီးဆေးရုံပို့ပေးခဲ့တယ်။ ဗိုက်ကမိုင်းစထိပြီးပွင့်ထွက်သွားတာ။ အူတွေပါထွက်နေတယ်။ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးကိုအမြန်ထပ်ပို့ပေးခဲ့ရတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ပြင် ကားမောင်းသူ ဦးစိုးမြင့် (၅၅)နှစ်၏ နဖူးဘယ်ဘက်ခြမ်းဖူးရောင်ပေါက်ပြဲ၊နှာခေါင်းဘယ်ဘက်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)တို့ ဒဏ်ရာ‌ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here