မက်ဆီ ရုပ်တုကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ပြတိုက်ရှိ ပီလီနှင့် မာရာဒိုနာတို့၏ ရုပ်တုဘေးတွင် ထားရှိ၍ ဂုဏ်ပြု

0
207

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL)သည် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့သော လီယိုနယ်မက်ဆီကို ဂုဏ်ပြုသောအားဖြင့်သူ၏ပုံတူရုပ်တုကို ၎င်း၏ ပြတိုက်တွင် ဂန္တဝင်ဘောလုံးသမားများဖြစ်သော ဒီရေဂို မာရာဒိုနာနှင့် ပီလီ တို့၏ ရုပ်တုတို့နှင့်အတူ ယှဉ်တွဲထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

CONMEBOL သည် မတ်လ ၂၇ ရက် တနင်္လာနေ့၌ ပါရာဂွေးနိုင်ငံ လု့ကေးမြို့ရှိ ၎င်း၏ ရုံးချုပ်တွင် ကိုပါ လီဘာတာဒေါရက်စ် ဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲ မဲနှိုက်ခြင်း မပြုလုပ်မီ မက်ဆီ၏ ပုံတူရုပ်တုကို ပွဲထုတ်ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲသို့ မက်ဆီကိုယ်တိုင် တက်ရောက်ခဲ့ပြီး သူ၏ ရုပ်တုဘေးတွင် ကမ္ဘာ့ဖလား ပုံတူဆုရုပ်တုကို ကိုင်ဆောင်၍ ကျေးဇူးတင်စကားပြောခဲ့သည်။

မက်ဆီသည် ကမ္ဘာ့ဖလားပြီးကတည်းက လူအများ၏ ချီးကျူးဂုဏ်ပြုခြင်းကို ခံနေရ, ပြီးခဲ့သည့် အပတ်ကလည်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်သည် ပနားမားနှင့် ပွဲစဉ်အပြီး မက်ဆီ၏ ကစားသမားသက်တမ်း ဂိုး ရှစ်ရာ ပြည့်မြောက်သည့်အနေဖြင့် နိုင်ငံအသင်း၏ လေ့ကျင့်ရေးအဆောက်အအုံကို သူ၏ အမည်ကိုအစွဲပြု၍ နာမည်ပြောင်းပေးခဲ့သည်။

ယခုလက်ရှိ မက်ဆီသည် အာဂျင်တီးနားအတွက် ၉၉ ဂိုးအထိ သွင်းယူပေးထားပြီး အင်္ဂါနေ့ညတွင် ကျင်းပမည့် ကူရာကာအိုနှင့် ခြေစမ်းပွဲတွင် ထပ်မံဂိုးသွင်းယူပါက နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်သည့် ပထမဆုံး အာဂျင်တီးနား ကစားသမား ဖြစ်လာမည် ဖြစ်သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here