နယ်စပ်သို့ ကုန်များပို့မရခြင်းကြောင့် နီးစပ်ရာမြို့များတွင် ရောင်းချနေရဟုဆို

0
90

မြဝတီနယ်စပ်ကုန်သွယ်ရေးရပ်နားထားမှုကြောင့် လမ်းတွင်ပိတ်မိနေသည့် ကုန်ကားများသည် နီးစပ်ရာမြို့များတွင် ရောင်းချနေရကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“ လက်ရှိအခြေအနေကတော့ မြင်တဲ့အတိုင်းပဲ၊ ဟိုဘက်ကိုလည်း သွားလို့မရတော့ဘူး၊ သွားလက်စကားတွေကလည်း ညောင်ခါးရှည်မှာတင်ပိတ်မိနေတော့ ဒီဘက်ကို ပြန်သယ်လာကြတယ်၊ တချို့ကျတော့ မော်လမြိုင်တို့ အစရှိတဲ့ နီးစပ်ရာမြို့နယ်တွေမှာ အဆင်ပြေသလိုရောင်းချရတယ်”ဟု ထိုင်းနိုင်ငံသို့ တင်ပို့သည့် ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

မြဝတီကုန်သွယ်ရေးဂိတ်တွင် ပြီးခဲ့သည့် မတ်လ (၂၅) ရက်နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ပြီး ကုန်သွယ်ရေးဂိတ်အချို့ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့်အတွက် ကုန်သွယ်မှုရပ်နားထားရခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ-ထိုင်းကုန်သွယ်မှုတွင် မြဝတီနယ်စပ်ဂိတ်သည် ကုန်သွယ်မှုအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေခြင်း ဖြစ်သည်။

မြဝတီကုန်သွယ်ရေးဇုန်သည် လက်နက်ကြီးများဖြင့်ပစ်ခတ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး လူထိခိုက်/သေဆုံးမှုများလည်း ရှိခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကား ၅၅ စီးဝင်တယ်၊အဲဒါက နယ်စပ်ကိုသွားမရတော့ ရန်ကုန်ကို ပြန်လှည့်လာတာ၊နယ်တွေက နယ်စပ်ကိုတိုက်ရိုက်ပို့တာများတယ်၊ သွားလက်စကားတွေကတော့ ဒီလိုပဲအဆင်ပြေသလို လုပ်ရမှာပေါ့၊နောက်ပိုင်းကြရင်တော့ နယ်မြေအေးချမ်းမှပဲ ကုန်တင်ပို့မှု ပြန်လုပ်ကြမှာပေါ့။ အခုကတော့ ကုန်သည်တွေလည်း ဒုက္ခရောက်တာပေါ့”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here