ယနေ့ မတ် (၂၈) ရက်သည် နိုင်ငံရေးပါတီများ နောက်ဆုံးမှတ်ပုံတင်ရက်ဖြစ်

0
107

နစကက အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ယခင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ပြန်လည်လျှောက်ထားရမည့် သတ်မှတ်ရက်သည် ယနေ့ မတ်လ (၂၈) ရက်တွင် ပြည့်ပြီဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (၂၀၂၃) ကို ပြီးခဲ့သည့် ဇန်ဝါရီလ (၂၆) ရက်တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပြဌာန်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ပြန်လည်လျှောက်ထားရန် ရက်ပေါင်း (၆၀) သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေအရ မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီပေါင်း (၅၀) ကျော်ရှိပြီး ပြည်ထောင်စုတစ်ဝန်း စည်းရုံးလှုပ်ရှားမည့်ပါတီ (၁၂) ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။

UEC ၏ ထုတ်ပြန်ကြေညာချက်များအရ ပြည်ထောင်စုတစ်ဝန်း စည်းရုံးလှုပ်ရှားမည့် ပါတီများအနေဖြင့် မှတ်ပုံတင် ပြန်လည်လျှောက်ထားလာသည့် ပါတီများထဲတွင် ကြံ့ခိုင်ရေးပါတီအပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ ၊ လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ဥက္ကဌလုပ်ခဲ့ဖူးသည့် ပြည်သူ့ရှေ့ဆောင်ပါတီ ၊ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ လွှတ်တော်အမတ်ဟောင်း ဦးကျော်ဇေယျ ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးပါတီတို့အပြင် ပါတီဖျက်သိမ်းခံထားရသည့် ယခင် ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ)အား အမည်ပြောင်းကာ မှတ်ပုံတင် ပြန်လည်လျှောက်ထားလာသည့်  ပြည်ထောင်စု ဒီမိုကရေစီ ပါတီတို့လည်း ပါဝင်သည်။

အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ယခင် ဥပဒေဖြင့် မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီအဖြစ်ဆက်လက် ရပ်တည်လိုပါက ရက်ပေါင်း (၆၀) အတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်ဟု ပြဌာန်းထားခြင်း ဖြစ်သည်။

အကယ်၍ ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက်ပျက်ပြယ်မည်ဖြစ်ပြီး ပါတီပိုင်ပစ္စည်းအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်သည်။

ဥပဒေပါ ပြဌာန်းချက်အရ ပြီးခဲ့သည့် မတ်လ (၂၆) ရက်တွင် သတ်မှတ်ကာလ ရက်ပေါင်း (၆၀) ပြည့်ခဲ့သော်လည်း အစိုးရရုံးပိတ်ရက်များနှင့်ခံနေသည့်အတွက် ယနေ့ မတ်လ (၂၈) ရက်အထိ နောက်ဆုံးထား မှတ်ပုံတင်ရန် ခွင့်ပြုပေးထားခြင်းလည်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂၀၂၃) အရ ပြည်ထောင်တစ်ဝန်း စည်းရုံးလှုပ်ရှားမည့် ပါတီအဖြစ် မှတ်ပုံတင်မည့် ပါတီများအနေဖြင့် ပါတီဝင် အင်အား (၁) သိန်း၊ ပါတီရန်ပုံငွေ သိန်း (၁၀၀၀) ကျပ်ရှိရမည်ဖြစ်ပြီး အနီးစပ်ဆုံး ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here