ဇလန်းစကီးက “ဇာပိုရီရှီအာ”နျူစက်ရုံမှ ရုရှားအဖွဲ့များမထွက်ခွာမချင်း ဘေးမကင်းဟု IAEA အကြီးအကဲအားပြောကြား

0
54

ကိဗ်၊မတ် ၂၈

ယူကရိန်းသမ္မတဇလန်းစကီးက “ဇာပိုရီရှီအာ”နျူစက်ရုံမှ ရုရှားတပ်ဖွဲ့များမထွက်ခွာမချင်း စက်ရုံ၏ဘေးကင်းရေးအာမခံချက်ကိုမပေးနိုင်ကြောင်း ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်ရေးအေဂျင်စီအကြီးအကဲအားပြောကြားခဲ့သည်။

“ဇာပိုရီရှီအာ”နျူစက်ရုံသည် ရုရှားကယူကရိန်းအားစတင်တိုက်ခိုက်ပြီးမကြာမီပင် ရုရှားတပ်ဖွဲ့ဝင်များ၏ထိန်းချုပ်ခြင်းခံခဲ့ရပြီး စစ်ပွဲကာလတစ်လျှောက်လုံး ရုရှားနှင့်ယူကရိန်းတို့သည် စက်ရုံအားပစ်ခတ်ခြင်းနှင့်ပတ်သက်၍ အပြန်အလှန်စွပ်စွဲနေခဲ့ကြခြင်းလည်းဖြစ်သည်။

ဇလန်းစကီးက နျူအေဂျင်စီအကြီးအကဲအားပြောကြားရာ၌ လက်ရှိ “ဇာပိုရီရှီအာ”၌တာဝန်ထမ်းဆောင်နေသူဝန်ထမ်းများအနေဖြင့် လုံခြုံရေးစည်းမျဉ်းများလိုက်နာရန်ပျက်ကွက်ခြင်း၊ နည်းပညာဆိုင်ရာလုပ်ငန်းစဉ်များ၌ဝင်ရောက်စွက်ဖက်ခြင်းစသည်ဖြင့် ရုရှားတပ်ဖွဲ့ဝင်များ၏ ဖိအားများအောက်၌နေနေရသည်ဟုလည်းဆိုခဲ့သည်။

နျူစက်ရုံနှင့်အနီးပရဝဏ်မှ ရုရှားတပ်ဖွဲ့များနှင့်ဝန်ထမ်းများ ချက်ချင်းရုတ်သိမ်းခြင်းမပြုပါက နျူဘေးကင်းရေးနှင့်လုံခြုံရေးပြန်လည်ထူထောင်ရေးလုပ်ဆောင်ချက်များလည်း ပျက်ကွက်သွားနိုင်သည်ဟု သမ္မတဇလန်းစကီးကဆိုခဲ့သည်။

တနင်္လာနေ့အစောပိုင်းကရေးသားခဲ့သော ကုလနျူဘေးကင်းရေးအေဂျင်စီအကြီးအကဲ၏တွစ်တာပို့စ်၌ ၎င်းနှင့်သမ္မတဇလန်းစကီးတို့အကြား နျူစက်ရုံနှင့်ဝန်ထမ်းများဘေးကင်းရေးနှင့်ပတ်သက်၍ အကျေအလည်ဆွေးနွေးခဲ့ကြောင်းရေးသားထားပြီး ၎င်းတို့အနေဖြင့် ယူကရိန်း၏နျူစက်ရုံများဘေးကင်းရေးအတွက် IAEA ၏ပံ့ပိုးကူညီမှုများကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။

ကုလနျူဘေးကင်းရေးအေဂျင်စီအကြီးအကဲသည် ဇာပိုရီရှီအာနှင့်အနီးတစ်ဝိုက်အား ဘေးကင်းဇုန်တစ်ခုပြုလုပ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ယခုသီတင်းပတ်ကုန်၌လည်း နျူစက်ရုံသို့ထပ်မံသွားရောက်ကြည့်ရှုရန်စီစဉ်ထားကြောင်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here