အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာရေး NCA-S EAO (၇) ဖွဲ့နှင့် နစက ဆွေးနွေး

0
161

မြန်မာပြည်၏ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် နိုင်ငံရေး ပဋိပက္ခများအား ဆွေးနွေးအဖြေရှာနိုင်ရေးအတွက် အားလုံးပါဝင်သည့် ဆွေး‌နွေးပွဲ အခင်းအကျင်းများပေါ်ပေါက်လာရန်အတွက် NCA-S EAO (၇)ဖွဲ့နှင့် နစကတို့အကြား အလွတ်သဘောတွေ့ဆုံလျက်ရှိသည်။

နစက၏ ကိုယ်စားလှယ်အဖွဲ့ဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA-S EAO အဖွဲ့(၇)ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ မတ်(၂၈) ရက်က နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဖက်ဒရယ်အခြေခံမူများတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း၊ ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီးဝဏ္ဏအောင်နှင့် အထောက်အကူပြုအဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

NCA-S-EAO အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS)၊ ဒု-အဖွဲ့ခေါင်းဆောင်များဖြစ်သည့် စောမြရာဇာလင်း (ALP)နှင့် နိုင်အောင်မငေး(NMSP)၊ အဖွဲ့ဝင်များဖြစ်သည့် စောကျော်သန်းဌေး (DKBA)၊ စောကျော်ညွန့်(KNU/KNLA-PC)၊ ကျာဖူး(LDU)၊ခွန်မင်းသိန်း (PNLO)နှင့် အထောက်အကူပြု ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

မတ် ၂၉ ရက်(ယနေ့)တွင်လည်း ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးညှိနှိုင်းမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here