ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုကို MCB citizens pay စနစ်ဖြင့်ပါအသုံးပြုနိုင်ရန် ဆောင်ရွက်နေ

0
108

Myanmar Trade net 2.0 စနစ်ဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားမှုတွင် ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုကို MCB citizens pay စနစ်ဖြင့်ပါအသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက ပြောသည်။

ယနေ့ မတ်လ(၂၉) ရက် ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် ပြုလုပ်သည့် အလိုအလျောက် ပို့ကုန်လိုင်စင်ထုတ်ပေးမည့် Tradenet 2.0 စနစ်အသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုအနေနဲ့ လက်ရှိမှာ MPU e-commerce pay စနစ်အပြင်ကို လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်ငွေပေးချေမှုမဆို ဆောင်ရွက်နိုင်ဖို့ကို MCB citizens pay စနစ်နဲ့ပါ ကျွန်တော်တို့ပေးချေနိုင်ဖို့အတွက်ပါ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါကိုလည်းဧပြီလ ၁ ရက်ကနေပြီးတော့ စတင်အသုံးပြုနိုင်ဖို့အတွက် လျာထားဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

Myanmar Tradenet စနစ်ကို အသုံးပြုမည့် ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှုဆက်စပ်လုပ်ငန်းများကို အချိန်ကုန်၊ ငွေကြေးကုန်ကျမှု သက်သာစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေမည်သာမက ကုန်သွယ်မှု လုပ်ငန်းစဉ် တစ်လျှောက်ရှိ ဌာနများပါ ပါဝင်ဆောင်ရွက်နိုင်သည့် စနစ်တစ်ခုဖြစ်လာမည်ဖြစ်စ်ကြောင်း သိရသည်။

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ယင်းစနစ်ကို လွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်ပြီး Tradenet 2.0 စနစ် မရှိသေးသည့် ကုန်သွယ်မှုနှင့် ဆက်စပ်သည့်ဌာနများပါ အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော စနစ်တစ်ခုအဖြစ် ဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here