အမေရိကန်အောက်လွှတ်တော်ဥက္ကဌနှင့် ထိုင်ဝမ်သမ္မတတွေ့ဆုံပါက တုံ့ပြန်မည်ဟုတရုတ်ဆို

0
228

ပေကျင်း၊မတ် ၂၉

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီသည် လာမည့်လ၌ အမေရိကသို့သွားရန် စီစဉ်ထားသည့် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့် တွေ့ဆုံပါက လက်တုံ့ပြန်မည်ဟု တရုတ်နိုင်ငံက ခြိမ်းခြောက်ထားပြီး ယင်းလုပ်ရပ်သည် ရန်စမှုတစ်ခုဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်၏ခွဲထွက်ရေးကိုပံ့ပိုးပေးနိုင်သည်ဟု ၎င်းတို့ကယူဆထားသော အမေရိကန်အရာရှိများနှင့်ထိုင်ဝမ်သမ္မတတို့၏တွေ့ဆုံမှုများကိုမပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်ဩဂုတ်လက အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ တိုင်ပေကိုလာရောက်လည်ပတ်စဉ်မှစ၍ တရုတ်က ထိုင်ဝမ်တစ်ဝိုက်တွင် စစ်ကစားပွဲများပြုလုပ်ခဲ့သည်။

ထိုင်ဝမ်၏လက်နက်ကိုင်တပ်ဖွဲ့များကလည်း သမ္မတဆိုင် နိုင်ငံရပ်ခြား၌ရောက်နေချိန်အတွင်း တရုတ်၏လှုပ်ရှားမှုတိုင်းကို ၎င်းတို့စောင့်ကြည့်နေကြောင်းပြောကြားခဲ့သည်။

သမ္မတဆိုင်၏ ဂွါတီမာလာနှင့်ဘီလိဇ်သို့သွားမည်ခရီးစဉ်များအတွက် နူးယော့ခ်နှင့်လော့ဆန်းဂျလိစ်မှတစ်ဆင့် အချိန်းအပြောင်းလုပ်မည်ဖြစ်ပြီး ၎င်း၏ခရီးစဉ်အဆုံး ကလီဖိုးနီးယား၌ရှိနေစဉ် ကန်အောက်လွှတ်တော်ဥက္ကဌ မက်ကာသီနှင့်တွေ့နိုင်ကြောင်းခန့်မှန်းထားကြသည်။

တရုတ်ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ဆိုင်၏အ‌မေရိက၌ပြုလုပ်မည့်လေယာဉ်အချိန်းအပြောင်းသည် လေယာဉ်ချိန်းရုံသာမက အမေရိကန်အရာရှိများနှင့်လွှတ်တော်အမတ်များနှင့်ပါတွေ့ဆုံနိုင်သည်ဟုဆိုခဲ့သည်။

တရုတ်ကမူ “အောက်လွှတ်တော်ဥက္ကဋ္ဌ မက်ကာသီနဲ့တွေ့ဖြစ်ရင် ဒါဟာ ‘တရုတ်တစ်ပြည်တည်းမူဝါဒ’ ကို ပြင်းပြင်းထန်ထန်ချိုးဖောက်ပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့ ခိုင်မြဲရေးကိုပါထိခိုက်စေတဲ့အပြင် ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမယ့်နောက်ထပ် ရန်စမှုတွေပါဖြစ်လာလိမ့်မယ်” ဟုပြောခဲ့သည်။

ထိုင်ဝမ်သည် တရုတ်တစ်ပြည်တည်းနှင့်သာသက်ဆိုင်သည်ဟု တရုတ်ကဆိုခဲ့ပြီး တရုတ်၏ပြည်နယ်တစ်ခုအနေဖြင့် ထိုင်ဝမ်သည် နိုင်ငံအဆင့်ဖြင့် ဆက်ဆံမှုမျိုးလုပ်ပိုင်ခွင့်မရှိဟုလည်းဆိုခဲ့သည်။

Source : Reuters
Photo -AP


LEAVE A REPLY

Please enter your comment!
Please enter your name here