အိန္ဒိယ-မြန်မာနယ်စပ် ဝင်/ထွက်ပေါက်အချို့အား ရက်အကန့်အသတ်မရှိပိတ်

0
233

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဝင်/ထွက်ပေါက်အချို့အား မီဇိုရမ်ဒေသခံ ၃ ဦး သတ်ဖြတ်ခံရပြီးနောက် မတ် ၂၉ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိပိတ်ခဲ့သည်ဟု လိုင်းလူငယ်အသင်း Young Lai Association Bualpui(NG)Sub- Headquarters မှထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ဝင်/ထွက်ပေါက်များဖြစ်သည့် Archhuang , Tial dawngilung နှင့် Vawmbuk တို့ကို ရက်အကန့်အသတ်မရှိပိတ်ခဲ့ခြင်းဖြစ်ပြီး မည်သူမှ နယ်စပ်ဖြတ်ကျော်သွားလာခွင့်မပြုရန်၊မြန်မာဘက်နှင့်လည်း မည်သည့်ပစ္စည်းမှလွှဲပြောင်းရယူခြင်းမပြုရန်နှင့်လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်မှ မီဇိုရမ်ပြည်နယ် Siaha မြို့သို့ဝင်ရောက်သည့် Niawtlang ဖက်ဝင်ပေါက်ကိုလည်း မတ် ၂၈ ရက်ညနေပိုင်းမှစတင်ကာ ရက်အကန့်အသတ်မရှိပိတ်ခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်၊ဆိုင်းဟာခရိုင်မှ အိန္ဒိယနိုင်ငံသား ၃ ဦးဖြစ်သည့် ဘိတ်ခ်ဆူး(၄၈)နှစ်၊ဘီ လယ်သာဖမ်ကီမာ(၄၀)နှစ်နှင့်ဘာဘလို(၃၇)နှစ်တို့အား မတ် ၂၃ ရက်က မီဇိုရမ်-ချင်းပြည်နယ်စပ် မြန်မာနိုင်ငံဖက်ခြမ်းရှိ တောအုတ်တစ်ခုအတွင်း၌ သတ်ဖြတ်ခံထားရသည့် အနေအထားဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ ၃ ဦးသည် မတ် ၁၉ ရက်မှစတင်ကာ မြန်မာနိုင်ငံဘက်သို့ထွက်ခွာသွားရာမှ ပျောက်ဆုံးသွားခဲ့ပြီးနောက် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ဝင်များဟု ယူဆရသူများသည် လက်နက်ဝယ်ယူရန် ၎င်းတို့ ၃ ဦးအားပြန်ပေးဆွဲပြီး ရူပီးငွေ ၅ ဒသမ ၅ သိန်းဖြင့် ရွေးခိုင်းထားပြီးနောက်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားထားသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here