အိန္ဒိယအစိုးရ၏ အထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ(၅)ရွာအား ကျေးလက်မီးလင်းရေးလုပ်ငန်း (Mini-Grid)လွှဲပြောင်းပေးခဲ့

0
85

ရခိုင်ပြည်နယ်ရှိ မြို့နယ်(၅)မြို့နယ်မှ ကျေးရွာ(၅) ရွာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ ကျေးလက်မီးလင်းရေးလုပ်ငန်း (Mini-Grid)လုပ်ငန်းများကို မတ် ၂၉ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့သည်။

ကျေးလက်မီးလင်းရေးလုပ်ငန်း(Mini-Grid)လုပ်ငန်းများ(ဆိုလာအသေးစား ဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်း)အား အိန္ဒိယနိုင်ငံအစိုးရ၏ မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာအရ ထောက်ပံ့ကူညီမှုဖြင့်ဆောင်ရွက်ပြီးစီးခဲ့၍ လုပ်ငန်းလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရောက်သည့် ကျေးရွာ(၅)ရွာအား အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်ကပြောကြားခဲ့သည်။

ယင်း စီမံကိန်းကြောင့် ကျေးရွာတစ်ရွာလုံးတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီသုံးစွဲနိုင်ခဲ့ပြီးဖြစ်ကာ ယခု လျှပ်စစ်မီးရရှိသော ကျေးရွာများတွင် အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးထုတ်ကုန်များထုတ်လုပ်၍ ဖွံ့ဖြိုးတိုးတက်မှုများရရှိလာမည်ဟုလည်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးက အသေးစားမီးလင်းရေးနှင့်ပတ်သက်သည့် အချက်အလက်များအား ကျေးရွာမီးလင်းရေးကော်မတီများထံပေးအပ်ခဲ့သည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံအထောက်အပံ့ဖြင့် ကျေးလက်မီးလင်းရေးအား ပေါက်တော၊မြေပုံ၊မောင်တော၊ကျောက်ဖြူ နှင့်တောင်ကုတ်မြို့နယ်တို့မှ ကျေးရွာတစ်ရွာစီတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here