ဖိလစ်ပိုင်တွင် ကူးတို့သင်္ဘော မီးလောင်, လူ ၃၁ ဦး သေဆုံး

0
145

မနီလာ,ဖိလစ်ပိုင်၊ မတ် ၃၀

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ခရီးသည်နှင့် အမှုထမ်း ၂၅၀ ဦးခန့် တင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စင်း မီးလောင်ခဲ့ခြင်းကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဦးက မတ်လ ၃၀ ရက် ကြာသပတေးနေ့တွင် ပြောခဲ့သည်။

သေဆုံးသူများမှာ မီးထဲပါသွား၍သော်လည်းကောင်း၊ ကြောက်လန့်တကြား ရေထဲခုန်ချရာမှ ရေနစ်သွား၍သော်လည်းကောင်း အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

အမ်ဗွီ လေဒီ မယ်ရီ ဂျွိုင်း ၃ အမည်ရ သင်္ဘောသည် တောင်ပိုင်းဆိပ်ကမ်းမြို့ ဇမ်ဘိုအန်ဂါမှ ဆူလူပြည်နယ် ဂျိုလိုမြို့သို့ ခရီးနှင်နေခြင်းဖြစ်ပြီး ညသန်းခေါင် ရောက်ခါနီးအချိန်တွင် မီးထလောင်ခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်မှ ခုန်ချခဲ့သည့် လူအများစုကို ကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် ဒေသခံ ငါးဖမ်းသမားများက ကယ်ဆယ်နိုင်ခဲ့သည်ဟု ဘာဇီးလန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျင်မ် ဟာတာမန်က ပြောသည်။

သင်္ဘောပေါ်တွင် လူ ၁၈ ဦး မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။ လူ ၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒဏ်ရာရရှိခဲ့သော ခရီးသည် ၂၃ ဦးကိုမူ ဆေရုံးများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Source:ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here