ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲနှမ်းတင်ပို့မှုလျော့ကျသော်လည်း ပြောင်းတင်ပို့မှုမြင့်တက်

0
165

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲနှမ်းတင်ပို့မှုလျော့ကျသော်လည်း ပြောင်းတင်ပို့မှု မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းက ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။

“ ပဲမျိုးစုံတင်ပို့မှုကတော့ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် ၂ သိန်းခွဲနဲ့ သုံးသိန်းကြားတာ့ လျော့သွားတာပေါ့။ ပြောင်းကကျတော့ ၂ သိန်းခွဲနဲ့ သုံးသိန်းကြားတာ့တိုးလာတယ်။နှမ်းကတော့ တန်ချိန် တစ်သိန်းနှစ်သောင်း လောက်တော့လျော့သွားတယ်”ဟု ၎င်းကဆိုသည်။

ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ တန်ချိန် ၁၅ သိန်းကျော် နှင့် နယ်စပ်မှ တန်ချိန် ၂ သိန်း ၅ သောင်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈ ဘီလီယံရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း လက်ရှိတွင် မြန်မာနိုင်ငံမှတင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်တစ်မယ်ဖြစ်ကြောင်း သိရသည်။

photo credit – Myanmar Logistics Guide


LEAVE A REPLY

Please enter your comment!
Please enter your name here