ရပ်ထားသည့် ရေသန့်ကားအား ဆိုင်ကယ်ဖြင့် နောက်မှဝင်တိုက်၍ ကလေးတစ်ဦးနှင့် ဆိုင်ကယ်မောင်းသူသေဆုံးသည့်ဖြစ်စဉ် မော်လမြိုင်တွင် ဖြစ်ပွား

0
180

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အုတ်ဖိုလမ်းတွင် ရပ်ထားသည့် ရေသန့်ပို့သည့်ကားအား ဆိုင်ကယ်ဖြင့် နောက်မှ ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူနှင့် ကလေးတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် (၃၀) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ ညနေ (၄) နာရီ (၁၅) မိနစ်ခန့်က မော်လမြိုင်မြို့၊အုတ်ဖိုလမ်းတွင် ကလေးငယ်တစ်ဦးအား တင်ဆောင်မောင်းနှင်လာသည့် ဆိုင်ကယ်မှ ရပ်ထားသည့် ရေသန့်ပို့သည့်ကား၏ နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းလာသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကလေးဖြစ်သူမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားကြောင်းသိရသည်။

အခင်းဖြစ်နေရာတွင် သေဆုံးသွားသည့်ဆိုင်ကယ်မောင်းသူ၏ ရုပ်အလောင်းအား ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ရေသန့်ပို့တဲ့ကားနောက်ပိုင်းကိုဝင်တိုက်မိတာ ဆိုင်ကယ်ပေါ်ပါတဲ့ကလေးက ခေါင်းနဲ့လက်မှာ ဒဏ်ရာတွေ(စိုးရိမ်ရ)ရထားတဲ့အတွက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ပေးနေတုန်း လမ်းမှာပဲသေဆုံးသွားခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်အတူ မိတ်ဖက်အသင်းများမှလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်းသိရသည်။

Photo-ရာမညအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here