ဘင်္ဂလားဒေ့ရှ်နှင့် မော်လ်ဒိုက်စ်အသင်းတို့ ပြိုင်ပွဲမှ နှုတ်ထွက်သွားသည့်အတွက် ပါရီအိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲတွင် မြန်မာနှင့်အီရန်တို့သာယှဉ်ပြိုင်ရတော့မည်

0
411

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့ ကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မော်လ်ဒိုက်စ်အသင်းတို့ ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့သည့်အတွက် အိမ်ရှင်မြန်မာအသင်းနှင့် အီရန်အသင်း (၂)သင်းသာ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်မှ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ် အသင်းတို့၏ နှုတ်ထွက်မှုကို လက်ခံခဲ့ပြီးနောက် ပွဲစဉ်ဇယား ပြန်လည်ပြုပြင်ခဲ့ပြီး ပွဲစဉ်ဇယား ပြန်လည် ရေးဆွဲမှုအရ မြန်မာအသင်းနှင့် အီရန်အသင်းတို့ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် (၂)ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ် (၂)ပွဲလုံးကို မြန်မာနိုင်ငံတွင်သာ ယှဉ်ပြိုင် ကစားမည်ဟု သိရသည်။

မြန်မာအသင်းနှင့် အီရန်အသင်းတို့သည် ဧပြီ (၅)ရက် နှင့် (၈)ရက်၊ မြန်မာ စံတော်ချိန် ညနေ (၄)နာရီ အချိန် သုဝဏ္ဏ ဘောလုံးကွင်းတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နှစ်ပွဲပေါင်း ရမှတ် အများဆုံး ရရှိသည့်အသင်းသည် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

၂ ပွဲကစားပြီး ရမှတ်တူနေပါက ၈ ရက်နေ့ ယှဉ်ပြိုင်မည့်ပွဲစဉ် အပြီးတွင် အချိန်ပို ၃၀ မိနစ် ဆက်လက် ကစားမည်ဖြစ်ပြီး ပွဲကစားချိန်အတွင်း အနိုင်အရှုံးရလဒ် မပေါ်ခဲ့လျင် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူ ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here