၁၉ထပ် တိုက်အလယ်ကနေ ဖြတ်သန်းသွားတဲ့ တရုတ်ပြည်က ထူးခြားတဲ့ ရထား

0
196

ထူးထူးခြားခြားတွေ တီထွင်ဖန်တီးလေ့ရှိတဲ့ တရုတ်နိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ မတူဘဲ ၁၉ ထပ်တိုက်ရဲ့ အလယ်ကနေ ဖြတ်သန်းသွားလို့ရအောင် လုပ်ထားတဲ့ ရထားဂိတ်တစ်ခု ရှိနေပါတယ်။

သာမန်အားဖြင့် လူတွေဟာ ရထားစီးဖို့ဆိုရင် ရထားဘူတာရှိတဲ့ နေရာဆီ တကူးတက သွားရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိတဲ့ ချုံချင်းမြို့မှာဆိုရင်တော့ ၁၉ ထပ်ရှိတဲ့ အဆောက်အအုံဆီ သွားတာနဲ့ ရထားကို အလွယ်တကူ စီးလို့ရမှာပါ။ အဲဒီ ရထားဂိတ်ကို လီဇီဘာ ဘူတာရုံလို့ခေါ်ပြီး တိုက်ကြီးရဲ့ ၆ ထပ် (သို့) ၈ ထပ်မှာ တည်ရှိပါတယ်။

လီဇီဘာ ဘူတာရုံရဲ့ ဒီဇိုင်းဟာ မြို့ရဲ့ မီးရထား အင်ဂျင်နီယာတွေက ဒေသခံပြည်သူတွေ အဆင်ပြေစေဖို့အတွက် စဉ်းစားပေးရာကနေ ထွက်ပေါ်လာခဲ့တာပါ။ ချုံချင်းမြို့ဟာ တောင်တန်းမြို့လို့ ခေါ်ရလောက်အောင် အထပ်မြင့်အဆောက်အအုံတွေ ပေါများလှပါတယ်။ ဒါ့အပြင် စတုန်းရန်းမိုင် ၃၁,၀၀၀ သာရှိတဲ့ မြို့အကျယ်အဝန်းမှာ လူပေါင်း ၄၉ သန်းအထိ နေထိုင်နေပါတယ်။ မြန်မာနိုင်ငံမှာတောင် လူဦးရေ စုစုပေါင်း ၅၅ သန်းပဲ ရှိတာပါ။

ဒါကြောင့် ရထားလမ်းတွေ ဖောက်ဖို့ အမိန့်ကျလာခဲ့အခါ အင်ဂျင်နီယာတွေဟာ အဲဒီ ၁၉ ထပ် တိုက်ကြီးကို ဖြိုချဖို့ ဒါမှမဟုတ် တိုက်ကိုဖောက်ပြီး ဆောက်လုပ်ဖို့ ရွေးချယ်ရချိန် မှာ ဒုတိယနည်းလမ်းကို ရွေးချယ်ခဲ့တာပါ။

ဒီလို လူတွေနေထိုင်တဲ့ အဆောက်အအုံထဲမှာ ရထားလမ်းဖောက်ထားပေမယ့် ဒီဇိုင်း သေသပ်လွန်းမှုကြောင့် ရထားဖြတ်သန်းတဲ့အခါမှာ ကြားရတဲ့အသံဟာ လူနှစ်ယောက် မျက်နှာချင်းဆိုင် စကားပြောတဲ့အချိန် ကြားရတဲ့ အသံလောက်ပဲရှိပါတယ်။ ဒါကြောင့်လဲ တရုတ်နိုင်ငံရဲ့ အငြိမ်သက်ဆုံး ရထားလိုင်းထဲက တစ်ခုဆိုပြီး ခေါ်စမှတ်ပြုခဲ့ကြတာပါ။

ဒီရထားလမ်းကို ၂၀၁၄ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Source: အိန္ဒိယတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here