နယ်စပ်မှတဆင့် အကန့်သတ်မရှိဝင်ထွက်နိုင်ရန် တရုတ်နှင့် ညှိနှိုင်းဆဲ အဆင့်သာရှိသေး၊ လက်ရှိတွင် မူဆယ်သန်းခေါင်စာရင်းရှိသူများကိုသာ ဝင်ထွက်ခွင့်ပြုထား

0
210

တရုတ် – မြန်မာနယ်စပ် မူဆယ် ကျယ်ခေါင်ဂိတ်များမှတဆင့် တရုတ်နိုင်ငံအတွင်း ဝင်ထွက်ခွင့်ကို ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်အိမ်ထောင်စုစာရင်း ရှိသူများကိုသာ ခွင့်ပြုထားပြီး ကျန်မြို့နယ် အိမ်ထောင်စုစာရင်း ‌ကိုင်ဆောင်သူများပါ အကန့်အသတ်မရှိ ဝင်ထွက်ခွင့် ရရှိနိုင်ရေး ညှိနှိုင်းနေဆဲအခြေအနေသာ ရှိသေးကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ ဖြတ်သန်းသွားလာခွင့်ကို ပြီးခဲ့သည့် ကိုဗစ်ကာလမှစတင်၍ တရုတ်အစိုးရက တားမြစ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုထားခြင်း ဖြစ်သည်။

” ဘာ မျဉ်းစောင်းဖြစ်ဖြစ် မူဆယ်မှာ အိမ်ထောင်စု ဇယားရှိရင် ဝင်လို့ရတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ညှိနှိုင်းနေဆဲပေါ့။ ဘာမျဉ်းစောင်း ဖြစ်ဖြစ်ပေါ့ ၊ အရင်လို တစ်ခါသုံးကတ်နဲ့  ဝင်ဖို့ကိုတော့ ညှိနှိုင်းဆဲပဲ။ သဘောတူညီချက် မရသေးဘူး။ တရုတ်ကကို အဝင်မခံ​သေးတာ ” ဟု မူဆယ်အခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးကွန်ရက် ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က ပြောသည်။

မြေပြင်၌ ယင်းကဲ့သို့ ညှိနှိုင်းဆဲ အခြေအနေဖြစ်သော်လည်း လူလိမ်ပွဲစားများက မည်သည့်ဒေသတွင်နေထိုင်သူမဆို သွားလာခွင့်ရရှိရန်လုပ်ဆောင်ပေးမည်ဟုဆိုကာ လူမှုကွန်ရက်များမှတဆင့် လိမ်ညာစည်းရုံးမှုများရှိနေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လူလိမ်ပွဲစားများ၏ လိမ်ညာမှုများအပေါ် ယုံကြည်ကာ သွားရောက်ရန် ကြိုးစားသည့် ပြည်သူများအနေဖြင့် ငွေကြေးဆုံးရှုံးမှုများ၊အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း မူဆယ်အခြေစိုက် လူမှုကူညီရေးအသင်း အဖွဲ့များထံမှ စုံစမ်းသိရသည်။

” အွန်လိုင်းမှာလည်း ပျံ့နေတာပဲ။ ခိုးဝင်ရင် (၁၅) သိန်း ပေးရတယ် ဆိုပြီးတော့။ အလိမ်တွေပေါ့ဗျာ။ တရုတ်ကတော့ သူ့ဘက်ကို ကြွက်တောင်ဝင်လို့မရအောင်လုပ်ထားတာ။ တချို့ ခိုးဝင်တဲ့သူတွေလည်း ဟိုဘက်မှာ အဖမ်းခံရတာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဝင်လုပ်ပေးလို့မရဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဥပဒေကို ချိုးဖောက်တာကိုး ၊ ကိုယ့်ဆီက လူတွေက” ဟု ဦးစိန်လှအောင်က ပြောသည်။

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများတဆင့် ပွဲစားများ၏ မက်လုံးပေး စည်းရုံးမှုများ ရှိနေသည့် အတွက် တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအနေဖြင့် မယုံမလွယ်ကြရန်နှင့် သက်ဆိုင်ရာမှ တရားဝင် သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်လေ့လာကြရန် မူဆယ်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံအချို့က တိုက်တွန်းထားသည်။

လူမှုကွန်ရက် စာမျက်နှာများတွင် တရုတ်ပြည်သို့ ထွက်ခွာရန် စုံစမ်းနေသူများ အများအပြားတွေ့ရပြီး ယင်းသို့ စုံစမ်းမှုများကို အခွင့်ကောင်းယူ၍ လိမ်ညာရန် ကြိုးစားသူများကလည်း နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ကို အခြားတိုင်းနှင့် ပြည်နယ်များတွင် နေထိုင်သူများပါ ထုတ်ယူရရှိနိုင်သယောင် ရေးသားဖြန့်ဝေမှုများနှင့် စည်းရုံးလှုံ့ဆော်မှုများလည်း ရှိနေသည်။

ယင်းသို့ ရေးသားဖြန့်ဝေနေမှုအပေါ် အယုံလွယ်သူများအနေဖြင့်လည်း လူလိမ်ပွဲစားများ၏ ငွေကြေးလိမ်လည်မှုများ ခံနေရကြောင်း ရွှေလီရောက်မြန်မာနိုင်ငံသားများ အမည်ဖြင့်ဖွင့်လှစ်ထားသည့် Facebook group မှတဆင့် မျှဝေမှုများလည်း ယခုရက်ပိုင်းအတွင်း တွေ့မြင်နေရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here