ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၉၀ ရရှိထား

0
255

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၂ သိန်းကျော်တင်ပို့ထားပြီး ကန်ဒေါ်လာ သန်း ၂၉၀ ရရှိထားကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတင်ပို့ထားသည့် ပို့ကုန်ဝင်ငွေစာရင်းကိုလည်း အားလုံးရှင်းလင်းထားပြီးဖြစ်ကာ လက်ကျန်မရှိတော့ကြောင်း ၎င်းကဆိုသည်။ ရော်ဘာတင်ပို့မှုနှင့်ပတ်သက်ပြီး လက်ရှိတွင် အဓိက Quality Control ပိုင်းကိုသွားနေကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက တစ်သန်းခြောက်သိန်းကျော်ရှိပြီး ဧက ရှစ်သိန်းကျော်ကနေ တစ်နှစ်လျှင် တန်ချိန် သုံးသိန်းကျော် ထုတ်လုပ်နေကြောင်း ၊ ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

လက်ရှိ ရော်ဘာဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၈၀ ပေါက်ဈေးရှိ​နေသည်။

ရော်ဘာတင်ပို့မှုတွင် တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့ထားပြီး ရော်ဘာပြည်ပတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here