မူဆယ် သိန်းသန်းချီ ကားကွင်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွား၊ ပြည်သူ့စစ် (၂)ဦး သေဆုံးကာ ပြည်သူ (၂) ဦးနှင့် ပြည်သူ့စစ် (၁)ဦး ဒဏ်ရာရ

0
178

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ သိန်းသန်းချီကားကွယ်း အနီးတွင် ယနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားကာ လုံခြုံရေးယူထားသည့် ပြည်သူ့စစ် (၂) ဦး သေဆုံးကာ ပြည်သူ (၂) ဦးနှင့် ပြည်သူ့စစ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ (၃၁) ရက် နေ့လယ် (၁၂) နာရီဝန်းကျင်အချိန်ခန့်က မူဆယ်မြို့ သိန်းသန်းချီကားကွင်း ဝင်ပေါက်အနီးရှိ ဂိတ်ကြေးကောက်ခံသည့် စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” တိတိပပတော့ မသိလိုက်ဘူးပေါ့နော်။ ကျွန်တော်တို့လည်း သတင်းတွေ တက်လာလို့သာ သိရတာပေါ့။ အဝင်မှာ ပိုက်ဆံပေးရတဲ့ဂိတ် ရှိတယ်လေ ။ အဲဒီဂိတ်ကို ဝင်ပစ်တာပေါ့၊ (၂) ယောက်သေတယ်၊ (၃) ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု မူဆယ်မြို့ခံ လူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လုံခြုံရေးယူထားသည့် မြို့မပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့ပြီး ‌ဝင်ကြေး ကောက်ခံသည့် အရပ်သား အမျိုးသား (၁) ဦး ၊ အမျိုးသမီး (၁) ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ များထဲမှ အမျိုးသား တစ်ဦးအား ဒဏ်ရာပြင်းထန်သည့်အတွက် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။

မူဆယ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ပစ်ခတ် ခံရမှုကြောင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲဝန်ထမ်းများ ‌(၁၀) ဦးထက်မနည်းသေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း အဆိုပါ သိန်းသန်းချီ ကားဝင်းရှိ KBZ ဘဏ်ခွဲတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးယူထားသည့် ပြည်သူ့စစ် (၂) ဦးနှင့် အရပ်သားပြည်သူ (၁) ဦး သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

ယနေ့ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here