ဗန်းမော်ဆရာတော်ကြီး၏ ဆေးစစ်ချက်အဖြေ၌ အသည်းရောဂါနှင့်အစာပြွန်တွင်ရောဂါရှိခြင်းကိုသာတွေ့ရှိ

0
495

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့၊ဗန်ကောက်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ဗန်းမော်ဆရာတော်ကြီး၏ ဆေးစစ်ချက်အဖြေ၌ အသည်းရောဂါနှင့်အစာပြွန်တွင် ရောဂါရှိခြင်းကိုသာတွေ့ရှိခဲ့ရသည်ဟု သိရသည်။

ဗန်းမော်ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအား ဆေးစစ်ချက်ပြုလုပ်ရာတွင် မတ် ၃၀ ရက်က အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာတော်ကြီး၏ ကျန်းမာရေးမှာတိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ကြီး၏ ဆေးစစ်ချက်အဖြေမှာ ရန်ကုန်မြို့ရှိ တပ်မတော်ခုတင် ၁၀၀၀ ဆေးရုံ၌ ဆေးစစ်မှုခံယူစဥ်ကထွက်ရှိခဲ့သည့် အဖြေအတိုင်းထွက်ရှိခဲ့ခြင်းဖြစ်သည်။

“ဆရာတော်ကြီးက သက်တော်ကြီးလာပြီဖြစ်တဲ့အတွက် ဆေးစစ်ချက်အဖြေက အသည်းမှာရောဂါဖြစ်နေတာနဲ့ အစာပြွန်မှာရောဂါဖြစ်နေတာပဲရှိပါတယ် ကျန်တာအကုန်လုံးကောင်းမွန်ပါတယ် တိုးတက်မှုလည်းရှိတယ်”ဟု ဗန်းမော်ဆရာတော်ကြီးအား အနီးကပ်ပြုစုနေသည့် ဆရာတော်တစ်ပါးမှမိန့်ကြားထားသည်။

ဗန်ကောက်မြို့ရှိ သာသနာ့ရောင်ခြည်အသင်း (ဘန်ကောက်)မိသားစုများမှလည်း ဗန်းမော်ဆရာတော်ကြီးအား အနီးကပ်ပြုစုစောင့်ရှောက်ကာ အာဟာရဒါနများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ကြီးသည် ကျန်းမာရေးစစ်ဆေးမှုများခံယူရန် မတ် ၂၅ ရက်မှစတင်၍ ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့ရှိ ဗန်ကောက်ဆေးရုံကြီးသို့ ကြွရောက်တော်မူခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here