အိန္ဒိယဘုရားကျောင်း၌ လှေကားထစ်ရေတွင်းဖုံးကျွံကျသဖြင့် ၃၅ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရ

0
169

လပ်ခ်နောင်း၊မတ် ၃၁

အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် ဘုရားဖူးများဝတ်ပြုနေကြစဉ် လှေကားထစ်ရေတွင်းဖုံးကျွံကျမှုကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရအရာရှိတစ်ဦးက သောကြာနေ့ကပြောကြားခဲ့သည်။

ယခုဖြစ်ရပ်သည် ကြာသပတေးနေ့က အင်ဒိုရီမြို့၌ ဟိန္ဒူဘာသာဝင်များ၏ ဓလေ့ထုံးစံအတိုင်း ရာမနတ်၏မွေးနေ့အထိမ်းအမှတ် ဝတ်ပြုဆုတောင်းနေစဉ် လှေကားထစ်ရေတွင်းကိုအုပ်ထားသည့်ကွန်ကရစ်အဖုံးပြားကျွံကျခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

“အခုဖြစ်ရပ်မှာ လူ ၁၈ ဦးကို ကျွန်တော်တို့ ကယ်ဆယ်နိုင်ခဲ့ပြီး ၃၅ ဦးသေဆုံး၊၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်” ဟု ဒေသခံအစိုးရထိပ်တန်း အရာရှိတစ်ဦးဖြစ်သူ Ilayaraja T ကရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

ရေတွင်းသည် ပေ ၄၀ နီးပါးအနက်ရှိပြီး၊လူအများအပြားစုရပ်နေသဖြင့် အလေးချိန်မခံနိုင်ဘဲ ကွန်ကရစ်အဖုံးကျွံကျခြင်းဖြစ်သည်ဟုလည်းသိရသည်။

ရေတွင်းထဲကျသွားသူများကို ကယ်ဆယ်ရန်ကြိုးများ၊လှေကားများသုံးပြီး ကယ်ဆယ်ရေးလုပ်နေကြကာ အပျက်အစီးများကိုဖယ်ရှားရန်လည်းစစ်တပ်နှင့် ကယ်ဆယ်ရေးဝန်ထမ်း ၇၅ ဦးထက်မနည်းလုပ်ဆောင်ခဲ့ကြသည်ဟု ဒေသခံမီဒီယာများကဖော်ပြကြသည်။

ယခုဖြစ်ရပ်ကြောင့် သေဆုံးသူများ၏မိသားစုဝင်များအား လျော်ကြေးငွေရူပီး ၅ သိန်း (မြန်မာငွေ သိန်း ၁၅၀ ဝန်းကျင်) ပေးမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများကိုမူ ရူပီး ၅ သောင်းပေးမည်ဖြစ်သည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here