သင်္ဂနက်ကျေးရွာ၌ ၁၉၈၄ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သည့် ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သွားရောက်လှူဒါန်း

0
163

ရခိုင်ပြည်နယ်၊စစ်တွေမြို့၌ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဧပြီ ၁ ရက်နံနက်ပိုင်းကသွားရောက်၍ ဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်အသုံးအဆောင်ပစ္စည်းများကို တစ်ဦးချင်းလက်ရောက်ပေးအပ်လှူဒါန်းခဲ့သည်။

ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က နစက ဥက္ကဋ္ဌနှင့်ဇနီးတို့အား ဘိုးဘွားများ၏ စားသောက်နေထိုင်ရေးနှင့်ကျန်းမာရေးဆိုင်ရာများကို စောင့်ရှောက်ပေးနေမှု၊ ဘိုးဘွားရိပ်သာအတွက် အလှူရှင်များက လှူဒါန်းလျက်ရှိမှု၊ နိုင်ငံတော်မှ နှစ်စဉ် ထောက်ပံ့လှူဒါန်းပေးနေမှု၊ ဘိုးဘွားရိပ်သာတွင် ဂိလာန အဆောင်တစ်ဆောင်ဆောက်လုပ်ပေးရန် လိုအပ်နေမှုတို့ကိုရှင်းလင်းတင်ပြခဲ့သည်။

နစက ဥက္ကဋ္ဌမှ ဘိုးဘွားရိပ်သာ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးနှင့်ဘိုးဘွားများ၏ ကျန်းမာရေးနေထိုင်ရေးနှင့်စားသောက်နေထိုင်ရေးတို့ကို ဖြည့် ဆည်းပေးရန် ပြည်နယ်ဝန်ကြီး ချုပ်၊တိုင်းမှူးနှင့်တာဝန်ရှိသူများကိုမှာကြားခဲ့သည်။

ဘိုးဘွားများကို စောင့်ရှောက်လျက်ရှိသူများအနေဖြင့် ဘိုးဘွားများကိုယ်စိတ်နှလုံးရွှင်လန်းစွာ နေထိုင်စေရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကာ ဘိုးဘွားများအနေဖြင့်လည်း မိမိတို့ဘဝအတွက် အကောင်းဆုံးအခြေအနေကိုရောက်ရှိနေပြီဟု နှလုံးသွင်းပြီး ကုသိုလ်ဘာဝနာများပွားများ၍ စိတ်နှလုံးရွှင်လန်းစွာနေထိုင်နိုင်ရန်လိုသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“အသက်အရွယ်ကြီးရင့်သူတွေကို နွေးထွေးစွာနဲ့ နေထိုင်နိုင်အောင်ဆောင်ရွက်ပေးရပါမယ်။ စိတ်ကျန်းမာမှသာ ကိုယ်ကျန်းမာမှုကိုအထောက်အကူပြုမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ သက်ကြီးဘိုး ဘွားများအတွက် စုပေါင်းအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။

ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာအား ၁၉၈၄ ခုနှစ်တွင် သင်္ဂနက်ကျေးရွာ၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စစ်တွေမြို့၊မေယုလမ်း၊ဓညဝတီ (က)ရပ်ကွက်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ရိပ်သာတွင် အဘိုး ၉ ဦး၊ အဘွား ၃၂ ဦးတို့၏ စားသောက်နေထိုင်ရေး၊ကျန်းမာရေး၊လူမှုရေးဆိုင်ရာစောင့်ရှောက်မှုများကိုဆောင်ရွက်ပေးလျက်ရှိပြီး ရိပ်သာတွင် အသက်အကြီးဆုံးအဘွားမှာ ၉၃ နှစ် ၊အသက်အကြီးဆုံးအဘိုးမှာ ၈၆ နှစ်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here