အစားအသောက်ထုတ်လုပ်ခြင်း လုပ်ငန်းများ FDA ထောက်ခံချက် လျှောက်ထားမှုကျသင့်ငွေကို ၇သိန်းခွဲမှ ၂သိန်းခွဲကျပ်သို့ ​လျော့​ပေါ့ သတ်မှတ်

0
502

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေး ဦးစီးဌာနက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား အားပေးမြှင့်တင်နိုင်ရန်ရည်ရွယ်၍ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားမှုများအတွက် ပေးသွင်းရမည့်ပမာဏကို ‌၂၅‌၀၀၀၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်အရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်အတွက် Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏမှာ ၂၅၀၀၀၀ ကျပ်သာ ကျသင့်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်အတွက် ယခင်ကျင့်ငွေမှာ ၇၅၀၀၀၀ ကျပ်ဖြစ်ပြီး ဧပြီလ (၁)ရက်မှ စတင်ကာ ပြောင်းလဲလျှော့ပေါ့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်အတွက် ခွင့်ပြုကာလမှာ ဧပြီလ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်အထိဖြစ်ပြီး Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏမှာ ၂၅၀၀၀၀ ကျပ်သည် ဓာတ်ခွဲစစ်ဆေးခ မပါဝင်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ခွင့်ပြုကာလ (၆) လအတွင်း လျှောက်ထားလာသည့် လုပ်ငန်းများအား စစ်ဆေးမှုပြီးပြည့်စုံပါက ထောက်ခံချက်သက်တမ်းအနေဖြင့် (၁) နှစ်ထုတ်ပေးသွားမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ယခုအစီအစဉ်တွင် အထူးထိန်းချုပ်အစားအသောက် အမှတ်တံဆိပ်ပါ သောက်ရေသန့်များ ၊ စားသုံးဆီများနှင့် ဘေးဖြစ်နိုင်ခြေများသည့် အစားအသောက်များ အကျုံးမဝင်ကြောင်းလည်း သိရသည်။

ထို့အပြင် ဘေးဖြစ်နိုင်ခြေနည်းသည့် အစားအသောက်များနှင့် ဘေးဖြစ်နိုင်ခြေအလယ်အလတ်အဆင့်ရှိ အစားအသောက်များအနေဖြင့် Myanmar Food Laboratory Network ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင် (၃) လအတွင်း စစ်ဆေးထားသော စစ်ဆေးချက်အဖြေများနှင့်တကွ တင်ပြလာပါက FDA ၏ ဓာတ်ခွဲခန်းများတွင် ထပ် မံစစ်ဆေးရန် မလိုအပ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေး ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here