ကုမ္ပဏီများ နှစ်စဉ်အစီရင်ခံစာတင်ပြချိန် ပူးတွဲတင်ပြရမည့် အချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်

0
218

ကုမ္ပဏီများ လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန် လိုအပ်သော ကြီးကြပ်မှုများကို ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများနှင့် ယင်းကုမ္ပဏီ၏ ဒါရိုက်တာများ ဥပဒေလိုက်နာမှု ရှိမရှိ စိစစ်နိုင်ရန် နှစ်စဉ်အစီရင်ခံစာတင်ပြချိန် ပူးတွဲတင်ပြရမည့် အချက်အလက်များကို ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ခြင်းမှာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်ရန်လည်း ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ (၉၇) အရ ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ပြီး (၂) လအတွင်း တင်ပြရမည့် နှစ် စဉ်အစီရင်ခံစာ တင်ပြချိန်တွင် ပူးတွဲတင်ပြရမည့် အချက်အလက်များအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီအမည်ဖြင့် ဘဏ်စာရင်းတစ်ခုဖွင့်ကာ MyCO စနစ်တွင် တင်ပြထားသော အစုရှယ်ယာများ၏ ပေးချေရန်တန်ဖိုးအတိုင်း ဘဏ်စရင်းအတွင်း ထည့်သွင်းပြီးကြောင်း အထောက်အထားများကို နှစ်စဉ်အစီရင်ခံစာနှင့်တကွ ပူးတွဲတင်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကုမ္ပဏီ ဒါရိုက်တာများ၏ မှတ်ပုံတင် မိတ္တူနှင့် မိမိနေထိုင်ရာ လိပ်စာအတိုင်း အမှန်တကယ်နေထိုင်ကြောင်း ရဲစခန်းထောက်ခံချက်များကိုလည်း တင်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ ဒါရိုက်တာမှာ နိုင်ငံခြားသား ဖြစ်ပါက ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး စည်းကမ်း ဥပဒေနှင့်အညီ ဆောင်ရွက်ထားသော အထောက်အထားကိုပါ နှစ်စဉ်အစီရင်ခံစာနှင့်တကွ ပူးတွဲ တင်ပြရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ကုမ္ပဏီအနေဖြင့် မှတ်ပုံတင်စဉ်က တင်ပြထားသည့် လိပ်စာအတိုင်း အမှန်တကယ်ရှိမရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ထောက်ခံချက်၊ အစုရှယ်ယာရှင်များ၏ မှတ်ပုံတင်မိတ္တူနှင့် ရဲစခန်းထောက်ခံချက်များကိုလည်း ပူးတွဲတင်ပြရမည်ဟု ဆိုသည်။

ကုမ္ပဏီ၏ ရှယ်ယာရှင်များသည် ဥပဒေရေးရာ ပုဂ္ဂိုလ် (Legal person)/ တရားဝင်အဖွဲ့အစည်း(Legal entity) ဖြစ်ပါက အဖွဲ့အစည်းနှင့် သက်ဆိုင်သော အခထာက်အထားများကိုလည်း ကုမ္ပဏီ၏ နှစ်စဉ်အစီရင်ခံစာတွင် ပူးတွဲတင်ပြရမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

ကုမ္ပဏီအသစ် မှတ်ပုံတင်သူများအနေဖြင့် အထက်ဖော်ပြပါ အချက်အလက်များအား အပြည့်အဝ လိုက်နာဆောင်ရွက်မှသာ နှစ်လအတွင်း တင်ပြသည့် နှစ်စဉ်အစီရင်ခံစာကို လက်ခံခွင့်ပြုသွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိသည့် နှစ်စဉ်အစီရင်ခံစာတင်ပြမှုများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀ (ဃ) ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here