မကွေးတိုင်း အတွင်း၌ရှိသည့် အရင်းအမြစ်များမှတဆင့် လေအားလျှပ်စစ်ထုတ်လုပ်ရန် စီစဉ်နေ

0
307

မကွေးတိုင်းအတွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များကို အသုံးချကာ လေအားလျှပ်စစ်ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

ဧပြီလ (၁) ရက် နံနက်ပိုင်းက မကွေးတိုင်း အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်း မြေအနေအထားနှင့် စူးစမ်းလေ့လာရရှိထားချက်များအရ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အပြင် လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် အရင်းအမြစ်များစွာရှိ၍ လေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း စီမံဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“မကွေးတိုင်းအတွင်းမှာ လျှပ်စစ်ဓာတ်အားခ ကြွေးကျန် (၃၂)ဘီလီယံခန့်ရှိနေပါတယ်။ ဒါကြောင့် ဓာတ်အားခကြွေးကျန်တွေ ကောက်ခံဖို့ လိုအပ်တဲ့ လုံခြုံရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ တောင်းခံလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့်လည်း နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ဝယ်ယူခြင်းအပြင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အရင်းအမြစ်များကို အခြေခံ၍ တိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကာ အသေးစားရေအားလျှပ်စစ်နှင့်ပတ်သက်၍ အရင်းအမြစ်များရှိ၍ စူးစမ်းလိုသည်များရှိပါက ဝန်ကြီးဌာနအနေဖြင့် ကူညီပေးမည်ဟု ပြောသည်။

မကွေးတိုင်း ဝန်ကြီးချုပ်ကလည်း မကွေးတိုင်းအတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထပ်မံထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကာ ဓာတ်အားခကြွေးကျန်များ ရရှိရန်အတွက်လည်း လုံခြုံရေးများထည့်သွင်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here