မြန်မာ့ဆန် ပြည်ပဆန်တင်ပို့ရန် လိုင်စင်အသစ် ချထားပေးမှုကို ကန့်သတ်ထား

0
133

ပြည်တွင်း၌ ဆန်ဈေးနှုန်းကြီးမြင့်မှု‌နေကြောင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရန် လိုင်စင်အသစ် ချထားပေးမှုကို ကန့်သတ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ပြည်တွင်း၌ ဆန်ဈေးနှင့် စပါးဈေးမြင့်တက်နေမှုကြောင့် ပြည်ပသို့ Quota စနစ်ဖြင့် တင်ပို့မှုကို တစ်လလျှင် ဆန်တန်ချိန် တစ်သိန်းခွဲခန့်သာ တင်ပိုရန် လျှော့ချသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပဆန်တင်ပို့မှု တန်‌ချိန်လျှော့ချလိုက်သည့်အတွက် လိုင်စင်အသစ်လျှောက်ထားမှု ရရှိရန် မလွယ်ကူဘဲ လိုင်စင်အဟောင်းများကိုလည်း စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ရာ၌ တန်ချိန် ၂၆၀ အထိ ထောက်ခံချက်မလိုဘဲ ယင်းထက်ကျော်လွန်ပါက ထောက်ခံချက်လိုအပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နယ်စပ်မှ ဆန်တင်ပို့မှု ရငွေအပေါ် ကန့်သတ်ချက်များ လုပ်ဆောင်လာသည့်နောက် ကုန်သည်များအနေဖြင့် တွက်ခြေမကိုက်သည့်အတွက် အများစုမှာ တင်ပို့မှုများရပ်ဆိုင်းထားရသည်အထိ အကြပ်တွေ့လာရကြောင်းလည်း နယ်စပ်ကုန်သွယ်‌ရေး လုပ်ကိုင်သည့် ဆန်ကုန်သည်အချို့ထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၉၉ သန်းတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေအနေဖြင့် ဒေါ်လာ ၇၈၃ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းအချက်အလက်များအရ သိရသည်။

လက်ရှိ ပြည်တွင်း ဆန်ဈေးကွက်၌ ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) (၁) အိတ်လျင် ၈၅၀၀၀ ကျပ်မှ ၉၆၀၀၀ ကျပ် ၊ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန်အသစ်)(၁) အိတ်လျင် ၇၅၀၀၀ ကျပ်မှ ၇၆၀၀၀ ကျပ် ၊ ဆန်ကြမ်းအသစ် (ငစိန်၊ ဇီယာ အုပ်စုဝင် ) (၁)အိတ် ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ဆန် ပြည်ပတင်ပို့မှုအနေဖြင့် ကုမ္ပဏီ (၅၂) ခုမှ နယ်စပ်နှင့် ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဥရောပနိုင်ငံများ၊ တရုတ်အပါအဝင် အာရှနိုင်ငံများသို့လည်း တင်ပို့နေပြီး စုစုပေါင်း နိုင်ငံပေါင်း (၅၀) ဝန်းကျင်သို့ တင်ပို့နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here