မင်္ဂလာပွဲ ကျင်းပနေစဉ် မီးသတင်းကြောင့် မီးလောင်ပြင်သို့ ထွက်ခွာသွားသည့် သတို့သားမီးသတ်သမား ချီးကျူးခံနေရ

0
235

မင်္ဂလာပွဲ ကျင်းပနေစဉ် မီးသတင်းကြောင့် မီးလောင်ပြင်သို့ ထွက်ခွာသွားသည့် မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်သမား သတို့သားသည် လူမှုကွန်ရက်တွင် ချီးကျူးမှု ခံနေရသည်။

စကုမြို့နယ် မီးသတ်တပ်ဖွဲ့မှ မောင်ထက်နိုင်ဦးသည် ဧပြီလ ၂ ရက် နံနက်တွင် ယင်း၏ မင်္ဂလာပွဲ ကျင်းပနေစဉ်အချိန်တွင် မင်းဘူးမြို့နယ်၊ ခန်ကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည့်အတွက် မီးလောင်ပြင်သို့ တပ်ဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

အဆိုပါမီးလောင်မှုမှာ ခန်ကုန်းကျေးရွာမှ ဦးဝေဖြိုးအောင်သည် နေအိမ်တွင် ၎င်းတို့လင်မယားအချင်းချင်း စကားများရန်ဖြစ်ရာမှ မိမိကိုယ်ကို ဓါတ်ဆီလောင်ပြီးမီးရှို့ရန် ကြံစည်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မီးလောင်မှုကြောင့် လူနေအိမ် (၃၂) လုံးနှင့် နွားတင်းကုတ် (၁၁) လုံး၊ လက်တွန်းထွန်စက် (၁) စီး၊ ဆိုင်ကယ် (၁) စီးနှင့် စပါးတင်း (၃၀၀) မီးကူးဆက်လောင်ကျွမ်းခဲ့ရာ ကာလတန်ဖိုး ငွေကျပ် (၆၈,၆၂၄,၀၀၀)သိန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ အိမ်ထောင်စု (၃၄)စုမှ အိမ်ခြေ (၃၂)လုံး၊ လူဦးရေ (၁၄၈)ဦး မီးဘေးသင့်ခဲ့ရကြောင်း ခရိုင်မီးသတ်ထံမှ သိရသည်။

မီးလောင်မှုဖြစ်စဉ်တွင် သတို့သား မောင်ထက်နိုင်ဦးသည်လည်း ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – ကိုမောင် (မြတ်နိုးဝေ Photo & Video)


LEAVE A REPLY

Please enter your comment!
Please enter your name here