နွားထိုးကြီးတွင် သားအဖနှစ်ဦး ကားပြင်ရန်ထွက်လာစဥ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ ဖခင်ဖြစ်သူသေဆုံး

0
202

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ ခက်လန်းကျေးရွာအနီးရှိ မြင်းခြံ – ရေးဝန်းသွား ကားလမ်းပေါ်တွင် ကားပြင်ရန် ထွက်လာသည့် သားအဖနှစ်ဦး သေနတ်ဖြင့် ပစ်ခံရသည့်အတွက် ဖခင်ဖြစ်သူ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဧပြီ ၃ ရက်မွန်းလွဲ (၂) နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်၊ ရွှေပြည့်ရင်ကျေးရွာနေ ဦးမောင်မျိုး (ခ)ပြောင်ကြီး (၅၁) နှစ်သည် သားဖြစ်သူနှင့်အတူ ၎င်း ၏ Light Truck ယာဉ်အား ပြင်ရန်ထွက်လာစဉ် အမည်မသိ အမျိုးသား (၄) ဦးမှာ ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“ကနဦး စစ်ဆေးချက်အရ ပစ္စတိုသေနတ်နဲ့ ပစ်ခံရတာပါ။ ဦးမောင်မျိုးတစ်ယောက်ပဲ ထိသွားတာပါ။ သူနဲ့အတူပါလာတဲ့ သူ့သားက ထိခိုက်မှုမရှိပါဘူး။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိဖို့အတွက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဦးမောင်မျိုး(ခ)ပြောင်ကြီးသည် ဦးခေါင်းကျည်ဖောက်ဝင်၊ ညာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here