မိတ္ထီလာတွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်ရာမှ နေအိမ် (၄)လုံးပါ မီးလောင်ဆုံးရှုံး၊ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ကို အမှုဖွင့်ထား

0
221

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အောင်ဇေယျရပ်ကွက်၊ နယ်မြေ (၉)၊ ဘူတာလမ်းဆုံရှိ ပန့်ဖြင့်ရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် ဧပြီ (၃) ရက် မွန်းလွဲ (၂) နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၄) လုံးပါ မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် စက်သုံးဆီအရောင်းဆိုင်တွင် သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးပွားကျကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်နေအိမ်များကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မိတ္ထီလာမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ (၂)နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်ချိန်က မကြာဘူး။ ခနလေးပဲ။ စက်သုံးဆီအရောင်းဆိုင်ဖြစ်တဲ့အတွက် မီးလောင်အား များသွားတာပါ ။ တကယ်လို့ အချိန်မီမငြှိမ်းသတ်နိုင်ရန် ကျန်တဲ့ တခြားအိမ်တွေပါ မီးကူးနိုင်တယ်။ အချိန်မီငြှိမ်းလိုက်နိုင်လို့ ဆုံး ရှုံးမှုနည်းသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်တွင် မီးစတင် လောင်ကျွမ်းခဲ့သည့် စက်သုံးဆီအရောင်းဆိုင်၏ ပိုင်ရှင်အား မိတ္ထီလာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here