ဆိုင်ကယ်လုယက်သူများကို ပြန်လည်ခုခံသဖြင့် ဓားဖြင့်အထိုးခံရမှု တာချီလိတ်တွင် ဖြစ်ပွား

0
151

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယူခံရသဖြင့် ပြန်လည်ခုခံရာမှ ဓားဖြင့်ထိုးခံရသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ဧပြီ (၄) ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ည (၁၀) နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့၊ ပါလျှံ (၂) ရပ်ကွက်ရုံးအနီးတွင် အသက်(၂၅) နှစ်အရွယ်ရှိ ကိုဟန်လင်းစိုးဆိုသူမှာ ဆိုင်ကယ်လုယက်ခံရသည့်အတွက် ပြန်လည်ခုခံခဲ့ရာ လုယက်သူများက ဓါးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုယက်သူများ၏ ဓားဖြင့်ထိုးမှုကြောင့် ကိုဟန်လင်းစိုးမှာ ဗိုက်တွင် ဓားဒဏ်ရာ ရရှိခဲ့သော်လည်း ဆိုင်ကယ်ကို ပြန်လည်ရခဲ့ကြောင်း သိရသည်။

” ဆိုင်ကယ်အလုခံရတာကို သူကပြန်ခုခံတော့ ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတယ်။ ဆိုင်ကယ်တော့ ပါမသွားပါဘူး။ လက်ရှိဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ မစိုးရိမ်ရတော့ပါဘူး” ဟု ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ဓားထိုးခံရမှုကြောင့် ကိုဟန်လင်းစိုးသည် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ထိုမှ တဆင့် ရှေ့ဆောင်ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူခဲ့ရကာ လက်ရှိအချိန်တွင် အသက်အန္တရယ်မစိုးရိမ်ရတော့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here