ခရီးသည်တင်ကား အရှိန်မထိန်းနိုင်ဘဲ တောင်ကမ်းပါးရံကို တိုက်မိကာတိမ်းမှောက်ပြီး (၁) ဦးသေဆုံး (၃) ဦးဒဏ်ရာရခဲ့

0
275

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ကန်ကြီးကျေးရွာအုပ်စု၊မျက်ရှကျေးရွာအနီးရှိ ချောင်းသာ – ပုသိမ်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၂၉/၇ နှင့် ၃၀/၀ ကြားတွင် ယနေ့ ဧပြီလ (၅) ရက် နံနက်ပိုင်းက ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် (၁)ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ခရီးသည် (၁၉) ဦး လိုက်ပါလာကာ ချောင်းသာမြို့မှ ပုသိမ်မြို့သို့ မောင်းနှင်လာသည့် Minibus (ဝါ/ဖြူကြား) ခရီးသည်တင်ကားသည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိတောင်ကမ်းပါးယံကိုဝင်တိုက်၍ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံ လူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရသည်။

အခင်းဖြစ်နေရာသို့ ချောင်းသာနယ်မြေ မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့များ ရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

“ကားပေါ်ပါတဲ့ ခရီးသည်တွေထဲက အမျိုးသား (၁) ယောက်သေဆုံးသွားသလို နောက်ထပ်အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၂) ယောက်က ပြင်းထန်ဒဏ်ရာတွေရသွားတယ်။ စိုးရိမ်ရတဲ့အနေအထားရှိပါတယ်”ဟု အခင်း ဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အခင်းဖြစ်စဉ်တွင် သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ချောင်းသာမြို့ဓမ္မပါလ လူမှုကူညီရေးအသင်းကားများဖြင့် ချောင်းသာတိုက်နယ်ဆေးရုံနှင့် ပုသိမ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here