ရွှေကုက္ကိုမြို့သစ်အနီး၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံထောင်ချီ ထိုင်းဖက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်နေရ

0
264

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ BGF ထိန်းချုပ်နယ်မြေဖြစ်သည့် ရွှေကုက္ကိုမြို့သစ်အနီးတွင် ဧပြီ (၅) ရက် နံနက်ပိုင်းက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံထောင်နှင့်ချီကာ ထိုင်းနိုင်ငံဖက်အခြမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

စစ်ဘေးရှောင်‌များအား ကူညီပေးနေသည့် လူမှုရေးအသင်းများ၏ အဆိုအရ ယမန်နေ့ တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုများနှင့် လူနေရပ်ကွက်များအနီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများကြောင့် ယခုလို ထွက်ပြေး တိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်းသိရသည်။

“တိုက်ပွဲဖြစ်တဲ့အချိန် လက်နက်ကြီးပစ်တာတွေလည်းရှိတယ်။ လူနေရပ်ကွက်တွေနားမှာ ဖြစ်တာဆိုတော့ လုံခြုံမှုမရှိတဲ့အတွက် သောင်ရင်းမြစ်ကိုဖြတ်ပြီး တိမ်းရှောင်လာကြတာပေါ့ “ဟု စစ်ဘေးရှောင်များအား ကူညီပေးသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဖက်အခြမ်းသို့ရောက်ရှိလာသည့် မြန်မာစစ်ဘေးရှောင်များအား ထိုင်းနိုင်ငံတာ ဝန်ရှိသူများက နေရာများခွဲ၍ ယာယီနေထိုင်နိုင်ရန် စီစဥ်ပေးလျက်ရှိကာ သောင်ရင်းမြစ်ကမ်းအနီးနှင့်တောထဲတွင် တိမ်းရှော င်နေသူများကိုလည်း ကူညီပေးနိုင်ရန် နှစ်နိုင်ငံလူမှုကူညီရေးအသင်းဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေနေဖို့ ထိုင်းအာဏာပိုင်တွေက နေရာ (၇) ခုလောက်ကို ယာယီစီစဥ်ပေးထားတယ်။ လတ်တလော သောက်သုံးရေ အရေးပေါ်လိုအပ်တယ်။ အဝတ်အထည်တွေ ဆေးတွေနဲ့ ယာယီတဲတွေလည်းလိုနေတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာစစ်ဘေးရှောင်များ ယာယီနေထိုင်နိုင်ရန် ထိုင်းနိုင်ငံတာဝန်ရှိသူများက ဂိုဒေါင်ဟောင်းများ၊ကြက်ခြံများ၊ ဘဲခြံများတွင် နေရာချထားလျက်ရှိပြီး လတ်တလော၌ စစ်ဘေးရှောင်ဦးရေ (၅၀၀၀) ကျော်ခန့်ရှိကြောင်း သိရသည်။

“ငွေကြေးတတ်နိုင်တဲ့ လူတွေကတော့ ပိုပြီးအဆင်ပြေမယ့်နေရာတွေကို ကိုယ့်အစီအစဥ်နဲ့ကို သွားကြနေကြတာပေါ့။ အများစုကတော့ ထိုင်းအာဏာပိုင်တွေ စီစဥ်ပေးတဲ့ ယာယီစစ်ဘေးရှောင်စခန်းတွေမှာပဲ နေကြတာများတယ်” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရွှေကုက္ကိုမြို့သစ်ကို အဝင်/အထွက် ယာယီပိတ်ထားပြီး BGF တပ်ဖွဲ့များက လုံခြုံရေးတင်းကြပ်စွာယူထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here